မန္တလေးတိုင်းဒေသကြီးအတွင်း ဆီထွက်သီးနှံ(မြေပဲ၊နှမ်း၊နေကြာ)နှင့် ကြက်သွန်နီသီးနှံ ပန်းတိုင်အထွက်နှုန်းရရှိရေး နည်းပညာသင်တန်းဖွင့်လှစ်ပို့ချ

မိတ္ထီလာ နိုဝင်ဘာ ၁

မန္တလေးတိုင်းဒေသကြီးအတွင်း ဆီထွက်သီးနှံ(မြေပဲ၊ နှမ်း၊ နေကြာ)နှင့် ကြက်သွန်နီသီးနှံ ပန်းတိုင်အထွက်နှုန်းရရှိရေး နည်းပညာသင်တန်းကို နိုဝင်ဘာ ၁၇ ရက်နေ့ နံနက်က မိတ္ထီလာခရိုင် စိုက်ပျိုးရေးဦးစီးဌာနရှိ သင်တန်းခန်းမတွင် ဖွင့်လှစ်ပို့ချခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းထိန်က တိုင်းဒေသကြီးအတွင်း ဆီထွက်သီးနှံ(မြေပဲ၊ နှမ်း၊ နေကြာ)နှင့် ကြက်သွန်နီသီးနှံ အထွက်နှုန်း တိုးတက်ရေးဝန်ထမ်းများမှ နည်းပညာများကို စိုက်ပျိုးရေးတောင်သူများသို့ စနစ်တကျဖြန့်ဝေပေးနိုင်ရေးအတွက် ယခုလိုသင်တန်းများ ဖွင့်လှစ်ခြင်းဖြစ်ပါကြောင်း၊ သင်တန်းမှ ရရှိလာသော နည်းပညာများအား မိမိတာဝန်ကျ ကျေးရွာအုပ်စုများရှိ တောင်သူများထံ နည်းပညာများ ပြန့်ပွားရေး ဆောင်ရွက်သွားကြရန် ရှင်းလင်းပြောကြားခဲ့သည်။ ၎င်းနောက် မိတ္ထီလာခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်စန္ဒာလင်းက ဆီထွက်သီးနှံ(မြေပဲ၊နှမ်း၊နေကြာ)နှင့် ကြက်သွန်နီသီးနှံ အထွက်နှုန်း တိုးတက်ရေးနှင့်ပတ်သက်၍ လက်ရှိစိုက်ပျိုးထုတ်လုပ်မှုများနှင့် အဓိကပြုပြင်လိုက်နာဆောင်ရွက်ရ မည့် နည်းပညာများကို ရှင်းလင်းပြောကြားခဲ့ပြီး မိတ္ထီလာမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး ဦးသက်နိုင်အေးက ဆီထွက်သီးနှံ(မြေပဲ၊ နှမ်း၊နေကြာ)နှင့် ကြက်သွန်နီသီးနှံ အထွက်နှုန်း တိုးတက်ရေးနှင့်ပတ်သက်၍ တွေ့ကြုံနေရသောအခြေအနေများအား ဆွေးနွေးပြီး ပန်းတိုင် အထွက်နှုန်းရရှိရေး ဆက်လက်ဆောင်ရွက်ရမည့် နည်းပညာများကို ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ ဆီထွက်သီးနှံ(မြေပဲ၊နှမ်း၊နေကြာ)နှင့် ကြက်သွန်နီသီးနှံ ပန်းတိုင်အထွက်နှုန်းရရှိရေး နည်းပညာသင်တန်းကို မိတ္ထီလာခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မိုးမိုးငွေက နေကြာအထွက်နှုန်းတိုးတက်ရေးနှင့် စံကွက်ရိတ်သိမ်းနည်းများအားလည်းကောင်း၊ မျိုးစေ့တာဝန်ခံ ဦးစီးအရာရှိ ဒေါ်စန္ဒာထွန်းက နှမ်းနှင့် မြေပဲ အထွက်နှုန်းတိုးတက်ရေးနှင့် စံကွက်ရိတ်သိမ်းနည်းများအား လည်းကောင်း၊ သီးနှံကာကွယ်ရေးတာဝန်ခံ ဦးစီးအရာရှိ ဒေါ်သင်းမြတ်ခိုင်က ကြက်သွန်းသီးနှံ အထွက်နှုန်း တိုးတက်ရေးနှင့် စံကွက်ရိတ်သိမ်းနည်းများအား အသီးသီးပို့ချခဲ့ရာ ၎င်းသင်တန်းကို မိတ္ထီလာခရိုင်နှင့် မိတ္ထီလာ၊ မလှိုင်၊ သာစည်၊ ဝမ်းတွင်းမြို့နယ်များမှ ခြံ၊ စိုက်ကွင်းများမှ ဝန်ထမ်း ၆၂ ဦး၊ ရမည်းသင်းခရိုင်နှင့် ရမည်းသင်း၊ ပျော်ဘွယ်မြို့နယ်များမှ ခြံဝန်ထမ်း ၂၀ ဦး စုစုပေါင်း ၈၂ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)