မိတ္ထီလာမြို့နယ်တွင် ၂၀၂၄-၂၀၂၅ခု ဘဏ္ဍာရေးနှစ် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးသည့် မိုးစပါးစိုက်ဧကများ အောင်မြင်ဖြစ်ထွန်း

မိတ္ထီလာ  နိုဝင်ဘာ ၁၈

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် ၂၀၂၄-၂၀၂၅ခု ဘဏ္ဍာရေးနှစ် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် စိုက်ပျိုးသည့် မိုးစပါးစိုက်ဧကများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း  မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မိတ္ထီလာမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများက မိုးစပါးကို ဆည်ရေကန်ရေသောက်စနစ်ဖြင့် လည်းကောင်း၊ ဆည်ရေကန်ရေမရသည့် ဒေသများတွင် မိုးကောင်း ရေသောက်စနစ်ဖြင့် လည်းကောင်း စိုက်ပျိုးလျက်ရှိရာ ၂၀၂၄-၂၀၂၅ခု ဘဏ္ဍာရေးနှစ်၌ မိုးစပါးစိုက်ဧက ၁၃၀၆၁ ဧက စိုက်ပျိုးသွားရန် သတ်မှတ်လျားထားပြီး မိုးစပါးများကို သြဂုတ်လ ပထမပတ်မှ စတင်၍ စိုက်ပျိုးလျက်ရှိသည်။ ယင်းသို့ စိုက်ပျိုးရာတွင် မိုးစပါးကို ပျိုးထောင်စိုက်ပျိုးသည့် စနစ်၊ တိုက်ရိုက်မျိုးစေ့ချ စိုက်ပျိုးသည့် စနစ်များဖြင့် စိုက်ပျိုးလျက်ရှိပြီး စိုက်ပျိုးရာတွင်လည်း ဒေသနှင့်ကိုက်ညီပြီး အထွက်နှုန်းကောင်းသည့် မနောသုခ၊ ဆင်းသုခမျိုးစပါးများကို အဓိက စိုက်ပျိုးလျက်ရှိရာ ယနေ့အထိ မိုးစပါးစိုက်ပျိုးဧက ၉၉၀၀ ကျော် စိုက်ပျိုးထားရှိကြောင်း သိရသည်။

အဆိုပါ မိုးစပါးစိုက်ဧကများအနက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မိုးစပါးကို ထမုန်ကန် ကျေးရွာအုပ်စုတွင် စိုက်ဧက ၁၀၀၊ တောမကျေးရွာအုပ်စုတွင် စိုက်ဧက ၁၀၀၊ ခင်လူးကျေးရွာ အုပ်စုတွင် စိုက်ဧက ၅၀၊ ရှမ်းတဲကျေးရွာအုပ်စုတွင် စိုက်ဧက ၃၀၊ ကဖြူကျေးရွာအုပ်စုတွင် စိုက်ဧက ၅၀၊ ဇောင်းချမ်းကုန်းကျေးရွာအုပ်စုတွင် စိုက်ဧက ၃၀၊ မကျီးစုကျေးရွာအုပ်စုတွင် စိုက်ဧက ၄၀၊ လျှော်ဖြူကန်ကျေးရွာအုပ်စုတွင် စိုက်ဧက ၅၀၊ ကွက်ကျေးရွာအုပ်စုတွင် စိုက်ဧက ၁၅၀  စုစုပေါင်း စိုက်ပျိုး ဧက ၆၀၀ကို စိုက်ပျိုးထားရှိရာ ၎င်းမိုးစပါးစိုက်ပျိုးဧကများမှာ အောင်မြင်ဖြစ်ထွန်းလျက်ရှိ ကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)