မန္တလေး နိုဝင်ဘာ ၁၉
ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ၊ ဥပဒေရေးရာဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် Grade 11 နှင့် Grade 12 ဆရာ ဆရာမများအတွက် ဥပဒေအသိပညာ ပြန့်ပွားရေး ဆရာဖြစ်သင်တန်း အမှတ်စဥ် (၁) ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီခွဲက မန္တလေးမြို့ ပညာရေးဒီဂရီကောလိပ်ရှိ ပညာတန်ဆောင်ခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်က အဖွင့်အမှာစကားပြောကြားပြီး၊ တိုင်းဒေသကြီးဥပဒေချုပ် ဦးမြင့်အောင်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ပြောကြားခဲ့သည်။ ထို့နောက် အခြေခံပညာဦးစီးဌာန မန္တလေးတိုင်းဒေသကြီး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးထွန်းက သင်တန်းဖြစ်ပေါ်လာအောင် ဆောင်ရွက်ရသည့်လုပ်ငန်းစဥ်နှင့် သင်တန်းစည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့ပြီးနောက် ဝန်ကြီးချုပ်နှင့်တကွတာဝန်ရှိသူများ အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ကူးခဲ့ကြသည်။
အဆိုပါ သင်တန်းအား မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းများမှ Grade 11 နှင့် Grade 12 သင်ကြားပေးနေသည့် ဆရာ၊ ဆရာမ (၄၀၀) ခန့် သင်တန်းတက်ရောက်လျက် ရှိပြီး၊ သင်တန်းကာလ (၁၀) ရက်ကြာ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ဇာနည်ကိုကို