တာချီလိတ် နိုဝင်ဘာ ၁၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ မြန်မာ-ထိုင်းနှစ်နိုင်ငံပူးပေါင်း၍ မယ်ဆိုင်ချောင်းအတွင်း နုံးများတူးဖော်နိုင်ရေးအတွက် နှစ်ဖက်နိုင်ငံမှ တာဝန်ရှိသူများက ယမန်နေ့ ညနေပိုင်းက 1G1-11 ဟိုတယ်အစည်းခန်းမ၌ တွေ့ဆုံဆွေးနွေးခဲ့သည်။
ဆွေးနွေးပွဲတွင် တာချီလိတ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမင်းကိုနှင့် တာဝန်ရှိသူများ၊ ချင်းရိုင်းခရိုင် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက လာမည့်နှစ်မိုးရာသီတွင် ရေကြီးရေလျှံမှုလျှော့ချနိုင်ရေးအတွက် နှစ်နိုင်ငံပူးပေါင်းကာ မယ်ဆိုင်ချောင်းအတွင်း ဆာဗေးတိုင်းတာခြင်း၊ နုံးများတူးဖော်ဆယ်ယူခြင်းလုပ်ငန်းများနှင့် အမှတ်(၁) ချစ်ကြည်တံတားတွင် ရေထိန်းနံရံပြုလုပ်မည့်လုပ်ငန်းစဉ်များအား အသေးစိတ်အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး မိုးတွင်းကာလအတွင်း ရေကြီးရေလျှံမှုများကြောင့် မယ်ဆိုင်ချောင်းမှ မယ်ဟောက်ချောင်းအထိ ၈.၈ မိုင်၊ မယ်ဆိုင်ချောင်းမှ မယ်ခေါင်ချောင်းအထိ ၃၃ မိုင် တင်ကျန်ရစ်သောနုံးများ ဆယ်ယူတူးဖော်ခြင်းလုပ်ငန်းများကို နှစ်နိုင်ငံပူးပေါင်း၍ နိုဝင်ဘာလ ၁၉ ရက်နေ့ ၂၃ ရက်နေ့အထိ ၅ ရက်ကြာခန့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံမှစစ်ဗျူဟာအဖွဲ့(အခြေချ) တာချီလိတ်မှ ခေတ္တစစ်ဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး သန့်လှိုင်ဝင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းကိုနှင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ထိုင်းနိုင်ငံမှ ကျောက်တာ့ခ်လှုပ်ရှားတပ်ဖွဲ့၊ ဗျူဟာမှူး ဗိုလ်မှူးကြီး အနုဝပ်ဘန်းဘားနန်း၊ ချင်းရိုင်းခရိုင် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ၊ နယ်ခြားကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
ကျော်ဇေယျာလင်း (ပြန်/ဆက်)