ကျောက်ဆည် နိုဝင်ဘာ ၁၈
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိင်၊ ကျောက်ဆည်မြို့နယ် ရှားပင်ကျေးရွာမှ တောင်သူအများစုသည် မိုးကောင်းသောက်၊ ယာမြေအများစုပိုင်ဆိုင်ကြပြီး စိုက်ပျိုးရေးလုပ်ငန်းများလုပ်ကိုင်ရာတွင် မိုးရေနှင့်မြေအောက်ရေကိုအဓိကထားပြီး ရာသီအလိုက် ယာသီးနှံများစိုက်ပျိုးကြကြောင်းနှင့် တောင်သူ ဦးဝင်းကို စိုက်ပျိုးထားသော ပဲမြစ်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
ပဲမြစ်သီးနှံသည် ဆောင်းရာသီ၏ ရာသီအစားအစာ သီးနှံတစ်မျိုးဖြစ်ပြီး ပဲပင်၏အမြစ်မှ ထွက်ရှိသော ဥများကိုတူးဖော်၍ ရေနှင့်ပြုတ်ကာ ဆီ၊ ဆားနှင့်တို့ကာ စားသုံးရသည့် သီးနှံတစ်မျိုးဖြစ်ကြောင်း၊ စိုက်ပျိုးမည်ဆိုပါက မြေကိုထယ်ရေးညက်အောင် ပြုပြင်ထားရပြီး ရေလိုအပ်သည့်အချိန်၌ ရေသွင်းရေထုတ် လွယ်ကူစေရေး မြေဘောင်များပြုလုပ်၍ စိုက်ပျိုးရကြောင်း၊ တစ်ဧကစိုက်ပျိုးမည်ဆိုပါ မျိုးစေ့တစ်တင်း အသုံးပြုရကြောင်းနှင့် ကုန်ကျစရိတ်အနေဖြင့် မြေအနေအထားနှင့် သွင်းအားစုအပေါ် မူတည်၍ တစ်ဧကတွင် ငွေကျပ်(၁၄)သိန်းကျပ်မှ (၁၈)သိန်းကျပ်ခန့်အထိ ကုန်ကျကြောင်း ပဲမြစ်စိုက်ပျိုး သည့် တောင်သူများထံမှ သိရသည်။
ပဲမြစ်များတူးဖော်ရောင်းချရာတွင် ဈေးကွက်အနေအထားအပေါ်မူတည်၍ စိုက်ပျိုးပြီး ရက်ပေါင်း (၁၂၀) မှ (၁၅၀)အတွင်း တူးဖော်ရောင်းချလေ့ရှိကြောင်း မျိုးရွေးချယ်မှု မမှန်ကန်ပါက အရှုံးနှင့်ရင်ဆိုင်ရပြီး မျိုးရွေးချယ်မှုမှန်ကန်ပြီး အပင်ပြုစုမှုကောင်းမွန်ပါက လယ်တစ်ဧတွင် (၉၀၀)ပိဿာမှ (၁၀၀၀) ပိဿာအထိထွက်ရှိပြီး ဈေးကွက်ကောင်းမွန်ကာပါက အကျိုးအမြတ်များပြီး လုပ်သားရှားပါးမှုမရှိသော သီးနှံတစ်မျိုး ဖြစ်ကြောင်းလည်း ပဲမြစ်စိုက် တောင်သူများ ပြောပြ၍ သိရသည်။
သက်မောင်(ကျောက်ဆည်)