တောင်ကြီး နိုဝင်ဘာ ၁၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့တွင် မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း၊ ရှမ်းပြည်နယ် အိမ်ခြံမြေဝန်ဆောင်မှုအသင်း၏ အိမ်ခြံမြေဝန်ဆောင်မှုလုပ်ငန်းခွင် တိုးတက်မြင့်မားရေးမွမ်းမံသင်တန်းဖွင့်ပွဲ အခမ်းအနားကို နိုဝင်ဘာ ၁၇ ရက် နံနက် ၁၀ နာရီခွဲ ကရှမ်းပြည်နယ်(တောင်ပိုင်း)ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်းဥက္ကဋ္ဌ ဦးခင်မောင်သန်းက အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်း(ဗဟို)အနေဖြင့် မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုလုပ်ငန်းများကို ဥပဒေနှင့်အညီ စနစ်တကျခိုင်မာစွာ ဆောင်ရွက်နိုင်ရန်နှင့် အိမ်ခြံမြေအကျိုးဆောင်များ၊ ဖောက်သည်များနှင့် နိုင်ငံတော်၏ အကျိုးစီးပွားကို ရည်မျှော်လျက် အိမ်ခြံမြေဝန်ဆောင်မှုဥပဒေတစ်ရပ် အမြန်ပေါ်ပေါက်လာစေရေးအတွက် အစဉ်အမြဲ ကြိုးစားအားထုတ်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ရှမ်းပြည်နယ်ပြည်တွင်းအခွန်ဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်အိအိလွင်က အကျိုးဆာင်များနှင့်သက်ဆိုင်သည့် အခွန်ကိစ္စများအား ရှင်းလင်းပြောကြားပြီး ရှမ်းပြည်နယ် အိမ်ခြံမြေဝန်ဆောင်မှုအသင်းဥက္ကဋ္ဌ ဦးခွနန်ဝင်းဇော်ထွန်းက သင်တန်းဖွင့်လှစ်ခြင်း ရည်ရွယ်ချက်နှင့် ရှေ့ဆက်လုပ်ငန်းစဉ်များ ဆွးနွေးပြောကြားသည်။
အိမ်ခြံမြေဝန်ဆောင်မှုလုပ်ငန်းခွင် တိုးတက်မြင့်မားရေးမွမ်းမံသင်တန်းဖွင့်ပွဲအခမ်းအနားကို မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်းဥက္ကဋ္ဌ ဦးခင်မောင်သန်း၊ ဒုတိယဥက္ကဋ္ဌ ဒေါ်မိုးမိုးထွန်းနှင့် ဗဟိုအသင်းမှတာဝန်ရှိသူများ၊ သင်တန်းဆရာကျော်မင်းဦး၊ ရှမ်းပြည်နယ်အိမ်ခြံမြေဝန်ဆောင်မှုအသင်းဥက္ကဋ္ဌ ဦးခွန်ဝင်းဇော်ထွန်းနှင့် ရှမ်းပြည်နယ်အသင်းမှ အလုပ်အမှုဆောင်များ၊ အသင်းသူ/သားများခရိုင်နှင့် မြိုနယ်အသင်းမှ အသင်းသား/သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
စိုင်းသန်းကျော်(တောင်ကြီး)