တောင်ကြီး နိုဝင်ဘာ ၁၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီ၏ အခြေခံစက်ချုပ်သင်တန်းနှင့် ကွန်ပျူတာအခြေခံသင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက် ၁၀ နာရီက ညောင်ရွှေမြို့၊ ညောင်ရွှေသက်မွေးပညာသင်တန်းကျောင်း သုံးထပ်ဆောင်အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ရှမ်းပြည်နယ် ကလေးအလုပ်သမားပပျောက်ရေးကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်က အဖွင့်အမှာစကားပြောကြားရာတွင် ရှမ်းပြည်နယ် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးရေး လုပ်ငန်းကော်မတီအနေနှင့် ပထမငါးနှစ်စီမံချက်ကာလအတွင်း လုပ်ငန်းဆောင်ရွက်ချက်များအား စီမံချက်ပါအတိုင်း ဆောင်ရွက်နိုင်ခဲ့သည်ကို တွေ့ရသည့်အတွက် ယခုသင်တန်းသာလွန်ကောင်းမွန်သည့် ရလဒ်ကောင်းများ ပေါ်ထွက်စေရေး ဝိုင်ဝန်းကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း၊ သင်ကြားပေးမည့် ဆရာ /ဆရာမများအနေဖြင့်လည်း သင်တန်းသားများသည် တိုင်းရင်းသားများ များသဖြင့် ဘာသာစကားအခက်အခဲကြောင့် သင်ခန်းစာမလိုက်နိုင်ခြင်းမျိုးမဖြစ်ရအောင် စိတ်ရှည်သီးခံပြီး တတ်မြောက်အောင် သင်ကြားပေးရန်လိုကြောင်း၊ သင်တန်းသား/သင်တန်းသူများအနေဖြင့်လည်း ရှမ်းပြည်နယ်အစိုးရက ထောက်ပံ့ပေးခဲ့သည့် အချိန်နှင့် ငွေအရင်းအနှီးအပေါ် အကျိုးရှိစွာအသုံးချပြီး မိမိဘဝရပ်တည်နိုင်ရေး၊ မိသားစုဝင်ငွေတိုးတက်စေရေးအတွက် သင်ခန်းစာများကို ကျွမ်းကျင်တတ်မြောက်အောင် စာတွေ့လက်တွေ့ ကြိုးပမ်းသင်ယူဆောင်ရွက်သွားရန်လိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်လူမှုရေးရာဝန်ကြီးက အခြေခံစက်ချုပ်သင်တန်းနှင့် ကွန်ပျူတာအခြေခံသင်တန်းအတွက် စားစရိတ်ထောက်ပံ့ငွေများအား ကျောင်အုပ်ကြီး ဦးစိုင်းကျော်ခိုင်ထံပေးအပ်ပြီး ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးက အခြေခံစက်ချုပ်သင်တန်းအတွက် သင်တန်းသုံးပစ္စည်းများအား သင်တန်းဆရာမထံသို့လည်းကောင်း၊ ပြည်နယ်ဥပဒေချုပ်က ကွန်ပျူတာအခြေခံသင်တန်းအတွက် သင်တန်းသုံးပစ္စည်းများအား သင်တန်းဆရာမထံသို့လည်းကောင်း ထောက်ပံ့ပေးအပ်ခဲ့သည်။
အဆိုပါ အခြေခံစက်ချုပ်သင်တန်းနှင့် ကွန်ပျူတာအခြေခံသင်တန်းကို ရှမ်းပြည်နယ်အတွင်း အကြောင်းအမျိူးမျိူးကြောင့် ကျောင်းပြင်ပရောက်ရှိနေသည့် အသက် ၁၆ နှစ်မှ ၁၈ နှစ်အောက်ရှိကလေးများ မိမိဘဝရပ်တည်နိုင်ရေး၊ မိသားစုဝင်ငွေတိုက်တက်စေရေး၊ အန္တရာယ်ရှိသောအလုပ်အကိုင်များမှာ ကလေးအလုပ်သမားပပျောက်စေရေးဟူသည့် ရည်ရွယ်ချက်များဖြင့် ဖွင့်လှစ်သင်ကြားပေးလျက်ရှိပြီး သင်တန်းကာလမှာ ၁၈-၁၁-၂၀၂၄ ရက်နေ့မှ ၁၇-၁၂-၂၀၂၄ ရက်နေ့ထိ တစ်လကြာ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)