နေပြည်တော် နိုဝင်ဘာ ၁၉
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျက် ယမန်နေ့မွန်းလွဲပိုင်းတွင် လယ်ဝေးမြို့နယ်၊ အလယ်ကျွန်းကျေးရွာအုပ်စု၊ တံတားကြီးကျေးရွာအတွင်း ရေဝပ်မှုမရှိစေရေး၊ ရေစီးရေလာကောင်းမွန်စေရေးအတွက် နေပြည်တော် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန (တည်ဆောက်ရေး-၅)မှ ဆောင်ရွက်သည့် ကျေးရွာရေဆိုးထုတ်မြောင်း ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ကျေးရွာများအတွင်း ရေဝပ်မှုမရှိစေရေး၊ ရေနုတ်မြောင်း၊ ရေထုတ်မြောင်းများ ရေစီးရေလာကောင်းမွန်စေရေး၊ ကျေးရွာသန့်ရှင်း သာယာလှပရေးတို့ကို အမြဲမပြတ်ကြပ်မတ်ဆောင်ရွက်စေလိုကြောင်းနှင့် လိုအပ်သည်များကို မှာကြားသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့်အဖွဲ့သည် လယ်ဝေးမြို့နယ်၊ အလယ်ကျွန်းကျေးရွာအုပ်စု၊ ကွင်းအမှတ်(၁၇၄၃)တွင် ရေကြီးနစ်မြုပ်မှုကြောင့် မိုးစပါးပျက်စီးဧကများအား နေပြည်တော်စက်မှုလယ်ယာဦးစီးဌာနမှ စက်ယန္တရားများဖြင့် ဆောင်းသီးနှံစိုက်ပျိုးနိုင်ရေးအတွက် မြေပြန်လည်ပြုပြင် ဆောင်ရွက်ပေးနေမှုအခြေအနေများကို ကြည့်ရှုအားပေးသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် အဆိုပါကွင်းအတွင်းရှိ ယာယီရှင်းလင်းဆောင်တွင် တောင်သူများနှင့်တွေ့ဆုံပြီး သီးနှံစိုက်စွမ်းအား ဖွံ့ဖြိုးတိုးတက်စေရေးနှင့် တောင်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန်အတွက် သီးထပ်သီးညှပ်တစ်နှစ်သုံးသီး အပြည့်စိုက်ပျိုးနိုင်ရေးအတွက် ဌာနဆိုင်ရာများနှင့် တောင်သူများ အတူတကွပူးပေါင်းပြီး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်စေလိုကြောင်း၊ တောင်သူများအနေဖြင့် သီးနှံများကို ပန်းတိုင်အထွက်နှုန်းထွက်ရှိစေရေး၊ မျိုး၊ မြေ၊ ရေ၊ နည်း နည်းလမ်းလေးသွယ်ကို လစ်ဟာမှုမရှိစေရေး စနစ်တကျ လိုက်နာဆောင်ရွက်စေလိုကြောင်း၊ ဆီထွက်သီးနှံများကို တိုးချဲ့စိုက်ပျိုးစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ဌာနဆိုင်ရာတာဝန်ရှိသူများက သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိစေရေးအတွက် လိုက်နာဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ၊ သီးနှံစိုက်ခင်းများတွင် ရွှေခရုအန္တရာယ်ကင်းရှင်းစေရေးအတွက် ကာကွယ်ရမည့်နည်းလမ်းများ၊ ရေကြီးနစ်မြုပ်ခဲ့သည့် လယ်ယာမြေများတွင် ပြန်လည်စိုက်ပျိုးနိုင်ရေးအတွက် မြေပြုပြင်ပေးနေမှုအခြေအနေများ၊ စိုက်ပျိုးရေပေးဝေနေမှုအခြေအနေများကို အသီးသီးရှင်းလင်းတင်ပြကြသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် နေပြည်တော်ကောင်စီဝင်များက တောင်သူများအား ဆောင်းသီးနှံ မတ်ပဲ၊ ပဲပုတ်နှင့် နေကြာမျိုးစေ့များကို ထောက်ပံ့ပေးအပ်ကြပြီး တောင်သူများ၏ လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် အဖွဲ့သည် လယ်ဝေးမြို့နယ်၊ ရုံးပင် - အေးချမ်းသာ ကျေးရွာချင်းဆက်လမ်း စစ်တောင်းမြစ်ရေတိုက်စားမှုကြောင့် ကမ်းပါးပြို၍ လမ်းပျက်စီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး နေပြည်တော်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ လမ်းအူကြောင်းအသစ် ရှာဖွေဆောင်ရွက်ထားရှိမှုနှင့် လမ်းသစ်ဖောက်လုပ်မည့် အခြေအနေများကို ရှင်းလင်းတင်ပြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက လိုအပ်သည်များ မှာကြားပြီး ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်နှင့် ကော်မတီဝင်များ၊ ဌာနကြီးမှူးများနှင့်အတူ နေပြည်တော် ပုဗ္ဗသီရိမြို့နယ်၊ နေပြည်တော်ဘူတာကြီးရှေ့ သီရိမဏ္ဍိုင်လမ်းမပေါ်တွင် လမ်းလယ်ကျွန်း လမ်းဘေးဝဲ/ယာ၌ နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ သန့်ရှင်းသာယာလှပရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများ၊ သီရိမဏ္ဍိုင်လမ်းနှင့် ရာဇသင်္ဂဟလမ်းဆုံ မီးပွိုင့်အနီး ရာဇသင်္ဂဟလမ်းမပေါ်နှင့် လမ်းလယ်ကျွန်းများ၊ လမ်းဘေးဝဲ/ယာများတွင် သန့်ရှင်းသာယာလှပရေးလုပ်ငန်းများ၊ မြေယာရှုခင်းအလှဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဝင်း(ပြန်/ဆက်)