တာချီလိတ်မြို့ စံပယ်ရွာ၌ သဘာဝဘေးကြိုတင်ပြင်ဆင်‌ရေးနှင့် ဆောင်ရန်/ရှောင်ရန်များ အသိပညာပေးဟောပြော

တာချီလိတ် နိုဝင်ဘာ ၁၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ် ဖန်မင်ကျေးရွာအုပ်စု၊ စံပယ်‌ကျေးရွာ၌ သဘာဝဘေး (ရေဘေး၊ မီးဘေး၊ ငလျင်ဘေး) ကြိုတင်ပြင်ဆင်ရေးနှင့် ဆောင်ရန်/ရှောင်ရန် အချက်များအား အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက မစိုးရိမ်ကျောင်းတိုက်တွင် ကျင်းပသည်။

ရှေးဦးစွာ တာချီလိတ်မြို့နယ် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်နန့်ပေါ်လင်းက သဘာဝဘေးနှင့်လူတွေကြောင့်ဖြစ်‌ပေါ်သည့် ဘေးအန္တရာယ်အကြောင်းအရာများအားလည်း‌ကောင်း၊ တာချီလိတ်တွင် ရေဘေး၊ ငလျှင်ဘေးဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များ၏အတွေ့အကြုံများကို သင်ခန်းစာယူ၍ အရေးပေါ်အခြေအနေများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် ပူပေါင်းဆောင်ရွက်တတ်ရန် စသည့်အကြောင်းအရာများကိုလည်းကောင်း၊ တာချီလိတ်ခရိုင် ကြက်ခြေနီကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး ဉီးဘမိုးမြင့်က ကြက်ခြေနီအကြောင်း သိကောင်းစရာများကိုလည်းကောင်း၊ မြို့နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီအတွင်းရေးမှူး ဦးဉာဏ်မြင့်ထွန်းက ရှေးဦးပြုစုခြင်း အခြေခံသဘောတရားများကိုလည်းကောင်း၊ ဖန်မင်အုပ်ချုပ်ရေးအဖွဲ့ ဉီးနွဲ့စိမ်က သဘာဝဘေးကြိုတင်ပြင်ဆင်ရန်နှင့် ဆောင်ရန်/ရှောင်ရန်များအချက်များကို ကျေးရွာနေပြည်သူများအား ရှမ်းဘာဖြင့်လည်းကောင်း အသိပညာပေး ရှင်းလင်းဟောပြောခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်နန့်ပေါ်လင်း၊ ဖန်မင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်နိုင်နှင့် အဖွဲ့ဝင်များ၊ အရံမီးသတ်တပ်ဖွဲ့ဝင်များ၊ ရွှေမယ်ယန်းပရဟိတအဖွဲ့နှင့် ရွှေတာချီလူမှုကူညီရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

ကျော်ဇေယျာလင်း (ပြန်/ဆက်)