ညောင်ဦး နိုဝင်ဘာ ၁၈
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်ရှိ ထန်းတောင်သူများ ထန်းလျက် တစ်ပိဿာ ၇၀၀၀ ကျပ် ဈေးနှုန်းဖြင့်ရောင်းချနေရပြီး ထန်းတောင်သူလုပ်ငန်း ပြန်လည်လုပ်ကိုင်မှုမနှစ်ကထက်ပိုများခဲ့ကြောင်း နတ်ပလင်ကျေးရွာ ထန်းတောင်သူဦးဝင်းညွန့်ထံက သိရသည်။
ညောင်ဦးမြို့နယ်တွင် ထန်းတက်လုပ်ငန်းလုပ်ကိုင်သည့် ထန်းတောင်သူအပြားအပြားလုပ်ကိုင်ခဲ့ရာမှ လွန်ခဲ့သည့်ဆယ်စုနှစ်အတွင်း ထန်းတက်လုပ်ငန်းလုပ်ကိုင်သူ နည်းပါးလာခဲ့ကြောင်း၊ ထန်းလျက်ဈေးနှုန်းကျဆင်းခြင်းနှင့်အတူ ပြည်ပသို့ထွက်ကာ အလုပ်လုပ်ကိုင်သူများပြားခဲ့ပြီး ထန်းတက်လုပ်ငန်းလုပ်ကိုင်သူ နည်းပါးခဲ့ခြင်းဖြစ်ကြောင်း၊ ညောင်ဦးမြို့နယ်တွင် ထန်းပင်၊ ထန်းတောအလွန်ပေါများသည့်ဒေသဖြစ်ကာ ကျေးလက်တောင်သူများ ထန်းလုပ်ငန်းအား လူတိုင်းလုပ်ကိုင်ခဲ့သည့် အခြေအနေမှ ထန်းတောင်သူ လုပ်ငန်းနည်းပါးသွားခဲ့ခြင်းဖြစ်ကြောင်း ထန်းတောင်သူများကပြောကြားသည်။ ထန်းတောင်သူလုပ်ငန်းလုပ်ကိုင်ရာတွင် ထန်းရာသီမစတင်မီအချိန်ကပင် ထန်းဆွဲမြူအိုး၊ ထန်းဆွဲမြူအိုးကြိုး၊ ယင်းတောင်၊ ယင်းဆွဲ၊ ထန်းလှီးအိမ်၊ ထန်းလှီးဓား၊ ထန်းလျက်ချက်ရန် မိုးဗြဲဒယ်၊ ထန်းလျက်ဖို၊ ထန်းလျက်ချက်ဖိုပြုလုပ်ရန်၊ မြေနီမြေစေး၊ ထန်းလျက်ချက်လောင်စာဖြစ်သည့် ထန်းဖတ်၊ ထန်းလက်နှင့်ပဲစင်းငုံရိုးများအား ကြိုတင်စုဆောင်းထားကြရကြောင်း ထန်းလျက်စတင်ပေါ်ချိန်က တစ်ပိဿာ ၄၀၀၀ ကျပ်ထိ ရောင်းချခဲ့ရပြီး ထန်းလျက်လှိုင်လှိုင်ပေါ်ချိန် ထန်းလျက်တစ်ပိဿာ ၃၀၀၀ ကျပ်ရောင်းချရကြောင်း၊ ထန်းလျက်တစ်ပိဿာ ၄၀၀၀ ကျပ်သည် ထန်းတောင်သူများမျှော်လင့်နေသည့် ဈေးနှုန်းဖြစ်ပြီး ညောင်ဦးမြို့နယ်၌ ထန်းတောင်သူများ နိုဝင်ဘာလမှစတင်ပြီး ထန်းလျက်တစ်ပိဿာ ၇၀၀၀ ကျပ်ရောင်းချနေရကြောင်း သိရသည်။
ဒီပါလင်း