မော်လမြိုင် နိုဝင်ဘာ ၁၈
မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတမြင့်မားပြီး ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်စကားဝိုင်းကို ယနေ့ နံနက်ပိုင်းက တပ်မတော်အခြေခံပညာအထက်တန်းကျောင်း (ရွှေနတ်တောင်)၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ရှေးဦးစွာ မွန်ပြည်နယ် စာကြည့်တိုက်များ ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးချိုချိုက အဖွင့်အမှာစကားပြောကြားပြီး၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ဗိုလ်ဗိုလ်က လူငယ်စကားဝိုင်း ပြုလုပ်ပေးရသည့် ရည်ရွယ်ချက်နှင့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျောင်းစာပညာရပ်များသာမက ပြင်ပ စာအုပ်၊ စာပေတို့ကို လေ့လာခြင်းဖြင့် အသိပညာများ ဖွံ့ဖြိုးပြီး နိုင်ငံ့သားကောင်းလူငယ်များဖြစ်လာရေး ဆွေးနွေးပြောကြား၍ စာရေးဆရာမောင်ဉာဏ်က စာဖတ်ရှိန်မြှင့်တင်ရေးနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့သည်။
ဆက်လက်၍ စကားဝိုင်းကိုကျင်းပရာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးက အစီအစဉ်တင်ဆက်သူအဖြစ် ဆောင်ရွက်ပြီး တပ်မတော်အခြေခံပညာအထက်တန်းကျောင်း (ရွှေနတ်တောင်)မှ Grade-11 ကျောင်းသား၊ ကျောင်းသူ ခြောက်ဦးတို့က လူငယ်နှင့် လူမှုမီဒီယာ၊ လူငယ်နှင့် စာအုပ်စာပေ၊ လူငယ်နှင့် ဘဝရည်မှန်းချက်ပန်းတိုင်၊ လူငယ်နှင့် မူးယစ်ဆေးဝါး၊ လူငယ်နှင့် ကိုယ်ကျင့်တရား၊ လူငယ်နှင့် ကျန်းမာကြံခိုင်ရေး စသည့်ခေါင်းစဉ်တို့ဖြင့် ၎င်းတို့ဖတ်ရှုလေ့လာထားသည့် စာရေးသူ၏ ဆိုလိုရင်းနှင့် ၎င်းတို့၏ အတွေ့အကြုံများ၊ အတွေးအခေါ်များတိုကို ကျယ်ကျယ်ပြန့်ပြန့် မျှဝေဆွေးနွေးကြရာ အစီအစဉ်တင်ဆက်သူက ပြန်လည်ဖြည့်စွက် ဆွေးနွေးပေးခဲ့သည်။
ယင်းနောက် တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက သိလိုသည်များကို မေးမြန်းကြရာ စကားဝိုင်းပါဝင်ဆွေးနွေးသူတို့က ဖြေကြားပေးခဲ့ကြပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးက စကားဝိုင်းနှင့်ပတ်သက်၍ ပြန်လည်သုံးသပ် ဆွေးနွေးကာ အမှတ်တရလက်ဆောင် ပစ္စည်းများ ပေးအပ်ခဲ့ပြီး မွန်ပြည်နယ် စာကြည့်တိုက်ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးချိုချိုက ကျောင်းစာကြည့်တိုက်အတွက် စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းခဲ့ရာ ကျောင်းတာဝန်ရှိသူက လက်ခံရယူခဲ့သည်။
အဆိုပါအခမ်းအနားသို့ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိမှတ်ဖွယ်ရာ နံရံကပ်စာစောင်များကို ခင်းကျင်းပြသထားရာ လူငယ်စကားဝိုင်းဆွေးနွေးပွဲသို့ တက်ရောက်လာကြသူတို့က စိတ်ပါဝင်စားစွာဖြင့် ကြည့်ရှုလေ့လာ မှတ်သားခဲ့ကြကြောင်း သိရသည်။
စည်သူ(ပြန်/ဆက်)