ကျိုက်ထို နိုဝင်ဘာ ၁၈
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတတိုးပွားစေရေးအတွက် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၁၀)နာရီက ကျိုက်ထိုမြို့၊ ကော့စံနိုင်ရပ်ကွက်ရှိ အ.မ.က(အေးရိပ်ငြိမ်အရှေ့-၁)ကျောင်း၌ အမျိုးသားအောင်ပွဲနေ့အကြို အသိပညာပေးဟောပြောပွဲနှင့် နယ်လှည့်စာကြည့်တိုက်လုပ်ငန်းကို ဆောင်ရွက်ခဲ့ကြသည်။
ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီးဒေါ်ထက်ထက်အောင်က အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ(တွဲဖက်) ဒေါ်ဌေးဌေးဝင်းက အမျိုးသားနေ့အကြောင်းသိကောင်းစရာများနှင့် ကျောင်းသား၊ ကျောင်းသူများအားလပ်ချိန်တွင် အချိန်ကိုအကျိုးရှိစွာအသုံးပြုရေး၊ ကျောင်းစာကိုကြိုးစားကြသလို ဗဟုသုတတိုးပွားရေးအတွက် ပြင်ပစာပေများကိုပါ လေ့လာဖတ်ရှုကြရေးတို့ကို ဟောပြောဆွေးနွေးခဲ့သည်။
ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များကို စိတ်ကြိုက်ရွေးချယ်ဖတ်ရှုကာ စာဖတ်စွမ်းရည်ယှဉ်ပြိုင်ခြင်း၊ ပုံပြင်ပြော၊ ကဗျာရွတ်ဆို ယှဉ်ပြိုင်ခြင်းများ ပြုလုပ်ခဲ့ကြသည်။
အဆိုပါ အသိပညာပေးလုပ်ငန်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသူကျောင်းသားများ ဖတ်ရှုလေ့လာနိုင်ရန် ကလေးကဗျာများ၊ ရုပ်ပြပုံပြင်များ၊ စာစောင်များစသည့် ကလေးများအသိပညာတိုးပွားရေး စာအုပ်စာပေများနှင့်၊ စာဖတ်ရှိန်မြှင့်တင်ရေး၊ မူးယစ်ဆေးဝါးအန္တရာယ် သတိပြုကာကွယ်ရေးစသည့်အသိပညာပေး နံရံကပ်စာစောင်များတို့ကို ခင်းကျင်းပြသရာ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါ၀င်စားစွာကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
ကျိုက်ထိုပြန်/ဆက်