ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့်ကျေးလက်နေမိသားစုဝင်ငွေတိုးရေး စီမံကိန်းလုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်

ပင်းတယ နိုဝင်ဘာ ၁၈

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)၌ ဒေသအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာမှ အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးပွားရေးစီမံကိန်းလုပ်ငန်းဖြင့် မော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်းသင်တန်းနှင့် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းတို့အတွက် လုပ်ငန်းသုံးပစ္စည်းပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ရာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးအာကာလင်လင်း၊ ရှမ်းပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးဦးစိုးနိုင်ထူး၊ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စီမံကိန်းအဖွဲ့ခေါင်းဆောင်များ၊ ကျေးရွာ ရပ်မိရပ်ဖများနှင့် သင်တန်းသူ/သင်တန်းသူများ တက်ရောက်ခဲ့သည်။

ဦးစွာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးအာကာလင်းက ဒေသအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝမြင့်မားလာစေရေးနှင့် ဝင်ငွေတိုးပွားလာစေရန်ရည်ရွယ်၍ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်မှစတင်ပြီး အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့်ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းလုပ်ငန်း(စက်ချုပ်)သင်တန်းကို အကောင်အထည်ဖော်ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ အကောင်အထည်ဖော်နိုင်မှုအနေနှင့် သင်တန်းသူ/သင်တန်းသား (၁၅)ဦးကို သင်ကြားပေးနိုင်ခဲ့ပြီး အသေးစားစက်မှုလက်မှု ထူထောင်နိုင်သူ(၅)ဦးရှိခဲ့ပြီး ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်မှာလည်း ဒေသအသေးစားစက်မှုလက်မှု

လုပ်ငန်းဦးစီးဌာနအနေနှင့် စီမံကိန်း(၃)ခုကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါကြောင်း၊ စီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် စီမံကိန်းလုပ်ငန်းများအကောင်အထည်ဖော်ရန် ကျေးရွာအရောက် ကွင်းဆင်းခြင်း၊ ကျေးရွာသူ၊ ကျေးရွာသားများနှင့်တွေ့ဆုံ၍ ဒေသထွက်ကုန်ကြမ်းအခြေအနေ၊ ဈေးကွက်ရရှိမှုအခြေအနေနှင့် ကျေးရွာသူ/ကျေးရွာသားတို့၏ သဘောထားကိုရယူကာကော်မတီဖွဲ့စည်းပြီး အကောင်အထည်ဖော်ဆောင်ရွက်ခဲ့တာဖြစ်ပါကြောင်းနှင့် နိုင်ငံတော်အနေနှင့် ယခုလို MSMEs လုပ်ငန်းများကို အားပေးမြှင့်တင်ဆောင်ရွက်လျက်ရှိရာ မိမိဒေသဖွံ့ဖြိုးတိုးတက်စေရေး စီမံကိန်းလုပ်ငန်းများအောင်မြင်အောင် အားသွန်ခွန်စိုက်ကြိုးပမ်းဆောင်ရွက်သွားကြစေလိုကြောင်းစသည်ဖြင့် တိုက်တွန်းပြောကြားပေးသည်။

ထို့နောက် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ ပင်းတယမြို့နယ်နှင့် ရွာငံမြို့နယ်တို့မှ မော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်းသင်တန်းနှင့် လူသုံးကုန်ထုတ်လုပ်မှု သင်တန်းတို့အတွက် သင်တန်းသူ/သင်တန်းသားများအား ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများအား လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

အောင်ကိုဦး(ပြန်/ဆက်)