ကျောက်ဆည်မြို့နယ် တောင်တမုတ်မြောင်းတွင် ရေပြွန်(၅)လုံး ပြန်လည်ပြုပြင်ပေး

ကျောက်ဆည် နိုဝင်ဘာ ၁၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်အတွင်းရှိ တောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများအောင်မြင်ရေး မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် တောင်တမုတ်မြောင်းတွင် ရေပြွန်(၅)လုံး ပြန်လည်ပြုပြင်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ပြန်လည်ပြုပြင်ပေးခဲ့သည့် ရေပြွန်များသည် ညောင်ဝန်းကျေးရွာအနီးတွင်တည်ရှိပြီး ရေပြွန်များသည် ထိန်းချုပ်ရေတံခါးများမရှိခြင်းနှင့် ပြွန်နဖူးစည်းကျောက်သားနံရံများသည် ပျက်စီးနေသည့်အတွက် စိုက်ပျိုးရေများအလှည့်ကြ‌ပေးဝေရာတွင် ရေအလေလွင့်များခြင်း၊ မြောင်းဖျားစိုက်ခင်းများ ရေလုံလောက်စွာ မရရှိခြင်းများကြောင့် အရှည်(၂၀)ပေ၊ အချင်း(၁၂)လက်မ သံကူကွန်ကရစ်ပြွန်(၂)လုံး၊ အရှည်(၂၀)ပေ၊ အချင်း(၈)လက်မ သံကူကွန်ကရစ်ပြွန်(၃)လုံး စုစုပေါင်း ပြွန်(၅)လုံးအား အသစ်ပြန်လည်ပြုလုပ်ပေးခဲ့ပြီး ပြွန်များ၏ထိပ်တွင် နဖူးစည်းကျောက်စီနံရံနှင့် ရေထိန်းတံခါးများ တပ်ဆင်ပေးခဲ့ကြောင်း သိရသည်။

ရေပြွန်(၅)လုံးပြန်လည်ပြုပြင်ပေးခဲ့မှုကြောင့် အဆိုပါပြွန်(၅)လုံးမှ စိုက်ပျိုးရေများပေးဝေနေသည့် လယ်၊ ယာမြေ (၆၀)ဧကတွင် စိုက်ပျိုးထားသောသီးနှံများအတွက် သတ်မှတ်ရေပေးဝေရက်အတွင်း စိုက်ပျိုးရေများ ထိရောက်စွာပေးဝေနိုင်တော့မည်ဖြစ်သောကြောင့် သီးနှံစိုက်ခင်းများ အောင်မြင်သည့်အတွက် တောင်သူများ၏ လူမှုစီးပွားဘဝများ ပိုမိုဖွံ့ဖြိုးလာမည်ဖြစ်ကြောင်း သိရသည်။

သက်မာင်၊ ကျောက်ဆည်