ဗဟန်း နိုဝင်ဘာ ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဗဟန်းလူထုအခြေပြုဗဟိုဌာန(Community Centre)ရှိ ဘက်စုံသုံးခန်းမတွင် ယနေ့နံနက် ၁၀ နာရီအချိန်က ၁၀၄ နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်ဟောပြောပွဲနှင့် ပုံပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ဦးစွာပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးခိုင်က ၁၀၄ နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်ဟောပြောပွဲနှင့် ပြိုင်ပွဲများကျင်းပရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားကာ အခမ်းအနားကိုဖွင့်လှစ်ခဲ့ပြီး စာရေးဆရာမတင့်တယ်ခင်က “အမျိုးသားအောင်ပွဲနေ့ဖြစ်ပေါ်လာပုံ” ခေါင်းစဉ်ဖြင့် ဟောပြောခဲ့ကြောင်းနှင့် အခမ်းအနားသို့ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဗဟန်းမြို့နယ်အမျိုးသမီးရေးရာအဖွဲ့အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များ ကျောင်းသား၊ ကျောင်းသူများ ၄၅ ဦး တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
ဆက်လက်၍ ဗဟန်းမြို့နယ် အမှတ်(၁၂) အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ ၃၀ ဦးက ၁၀၄ နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် ပုံပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲများကို ဆက်လက်ယှဉ်ပြိုင်ကြပြီး ဆုရရှိသူများကို လက်ထောက်ညွှန်ကြားရေးမှူးဒေါ်အေးအေးခိုင်က အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြည့်သူများနှင့် ကျောင်းသား၊ ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်ဗဟန်းရုံးမှ ၁၀၄ နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် နံရံကပ်စာစောင်ပြသထားမှုနှင့် စာအုပ်စာစောင်များ ခင်းကျင်းပြသထားမှုအား ကြည့်ရှုလေ့လာခဲ့ကြကြောင်း သတင်းရရှိသည်။
ကျော်သူဟိန်း (ပြန်/ဆက်)