တပ်ကုန်း နိုဝင်ဘာ ၁၈
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ်တွင် ရိုးရာပွဲတော်ကို ဖော်ထုတ်မြှင့်တင် အားပေးခြင်းဖြင့် တပ်ကုန်းမြို့တန်ဆောင်တိုင်ပွဲတော်နှင့် MSME ဈေးရောင်းပွဲတော်ကို နိုဝင်ဘာ ၁၁ ရက်မှ ၁၇ ရက်အထိ စည်ကားသိုက်မြိုက်စွာကျင်းပလျက်ရှိရာ မြို့နယ် MSME အသင်းနှင့် စေတနာရှင်များစုပေါင်း၍ ရေဘေးသင့်ခံခဲ့ရသောဘုန်းတော်ကြီးကျောင်း ၁၁ ကျောင်းအတွက် နဝကမ္မဝတ္ထုငွေနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းကို ယမန်နေ့မွန်းလွဲ ၂ နာရီက မြို့နယ်ဗုဒ္ဓသာသနာပြုဗိမာန်တော်ကြီးတွင် ကျင်းပခဲ့သည်။
ဦးစွာ အခမ်းအနားကို တက်ရောက်လာသည့် ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များနှင့်ဧည့် ပရိသတ်များက နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့ဖွင့်လှစ်ခဲ့ပြီး အနော်ရထာရပ်ကွက် မြို့ရှေ့စန္ဒာရုံကျောင်းတိုက်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ ဘဒ္ဒန္တစန္ဒသိရီအရှင်သူမြတ်ထံမှ ငါးပါးသီလခံယူဆောက်တည်ခဲ့ပြီးနောက် မြို့နယ် MSME အသင်း အတွင်းရေးမှူး ဦးခိုင်ဇော်ဝင်းက လှူဒါန်းမှုစာရင်းအား ရှင်းလင်းလျှောက်တင်ခဲ့သည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ အဖွဲ့ဝင်(၂)ဒေါက်တာခင်မောင်ထွန်းနှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ နေပြည်တော် MSME အသင်းဒုတိယဥက္ကဋ္ဌ ဦးကျော်စိုးလွင်၊ မြို့နယ် MSME အသင်းနာယကများ၊ အသင်းဥက္ကဋ္ဌဦးမောင်မောင်နုနှင့်အသင်းဝင်များ၊ စေတနာရှင်များက ရေဘေးသင့်ခံခဲ့ရသောဘုန်းတော်ကြီးကျောင်း ၁၁ ကျောင်းအတွက် တစ်ကျောင်းလျှင် နဝကမ္မဝတ္ထုငွေ ၁၀ သိန်းစီနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပြီးနောက် လှူဒါန်းမှုအစုစုတို့ကို မြို့ရှေ့စန္ဒာရုံကျောင်းတိုက်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ ဘဒ္ဒန္တစန္ဒသိရီက ရေစက်ချတရားတော်ချီးမြှင့်၍ ရေစက်သွန်းချ အမျှပေးဝေခဲ့ပြီး အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတုသုံးကြိမ်ရွတ်ဆိုကာ အောင်မြင်စွာကျင်းပခဲ့ကြောင်း သိရသည်။
တင်စိုးလွင်