ညောင်ဦးမြို့နယ်၌ မြေအောက်ရေသွင်းစိုက်ပျိုးသည့် ဖီးကြမ်းငှက်ပျောစိုက်ပျိုးမှုများလာ

ညောင်ဦး နိုဝင်ဘာ ၁၇

ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ် လက်ပံခြေပေါ်ကျေးရွာအုပ်စုအတွင်း မြေအောက်ရေတူးဖော်ကာ မြေအောက်ရေသွင်းစိုက်ပျိုးသည့် ဖီးကြမ်းငှက်ပျောများဈေးနှုန်းကောင်းခြင်းနှင့်အတူ ဖီးကြမ်းငှက်ပျောစိုက်ပျိုးတောင်သူများလာကြောင်း ဖီးကြမ်းငှက်ပျောစိုက် တောင်သူများထံက သိရသည်။

ညောင်ဦးမြို့နယ်မှ ဖီးကြမ်းငှက်ပျောစိုက်တောင်သူများသည် ငှက်ပျောစိုက်ပျိုးခြင်းအား တပေါင်းလ၊ တန်ခူးလတို့တွင် စတင်စိုက်ပျိုးကြကြောင်း၊ လက်ပံခြေပေါ်အုပ်စုရှိ ကျေးရွာများသည် ငှက်ပျောစိုက်ပျိုးကြရာတွင် ဖီးကြမ်းငှက်ပျောတစ်မျိုးထဲသာစိုက်ပျိုးကြပြီး ငှက်ပျောပေါ်ချိန် ရောင်းအားကောင်းတာကလည်း ဖီးကြမ်းငှက်ပျောသာရောင်းအားပိုပြီး ဈေးနှုန်းလည်းရရှိခြင်းကြောင့် ရခိုင်ငှက်ပျောစိုက်ပျိုးမှု မရှိသလောက်နည်းကြောင်း ငှက်ပျောစိုက်တောင်သူ ဦးအောင်ဌေးကပြောသည်။

ဖီးကြမ်းငှက်ပျောစိုက်ပျိုးရာတွင် တစ်ပင်တစ်ကျင်းစိုက်ပျိုးခြင်းနှင့် တစ်ကျင်းနှစ်ပင်စိုက်ပျိုးခြင်းတို့ကို ကွက်စိတ်ချစိုက်ပျိုးကြပြီး တစ်ပင်တစ်ကျင်းစိုက်ပျိုးသည့်သူများက ငှက်ပျောသားတက်မထားကြပဲ အပင်အားလုံးအသီးသီးပြီးလျှင် အသစ်ပြန်စိုက်ကြကြောင်း၊ တစ်ကျင်းနှစ်ပင်စိုက် တောင်သူများမှာမူ ငှက်ပျောသားတက် တစ်ပင်တစ်တက်ထားပြီး စိုက်ပျိုးကြကြောင်း သိရသည်။

ငှက်ပျောပေါ်ချိန်မှာလည်း စိုက်ပြီး ဆယ်လ၊ ဆယ့်တစ်လတွင် ပေါ်ကြောင်းထွက်ရှိလာသည့် ဖီးကြမ်းငှက်ပျောများအား ညောင်ဦး၊ ပခုက္ကူ၊ ကျောက်ပန်းတောင်းပွဲစားများက ငှက်ပျောခြံထိ လာရောက်ဝယ်ယူကြကြောင်းနှင့် လက်ပံခြေပေါ်အုပ်စုအတွင်းရှိ ကျေးရွာများမှာ မြေအောက်ရေကိုအသုံးပြု၍ ဖီးကြမ်းငှက်ပျောစိုက်ပျိုးသူတောင်သူများ များပြားလာကြောင်း၊ ဖီးကြမ်းငှက်ပျောတစ်ဖီးကို ၂၀၀၀ ကျပ်မှ ၂၅၀၀ ကျပ်ထိ ရောင်းချရခြင်းမှာ ငှက်ပျောစိုက်ပျိုးသူ တောင်သူများ မျှော်လင့်နေသည့်ဈေးနှုန်းလည်းဖြစ်ကြောင်း သိရသည်။

ဒီပါလင်း