ကျောက်ဆည်မြို့တွင် ပြင်ထန်ဝမ်းပျက်ဝမ်းလျှောရောဂါကြိုတင်ကာကွယ်ရေး ရပ်ကွက်/ကျေးရွာများတွင်  အသိပညာပေးဟောပြောခြင်း၊ ကလိုရင်းဆေးခတ်ခြင်းများဆောင်ရွက်

ကျောက်ဆည် နိုဝင်ဘာ ၁၇

မန္တလေးတိုင်းဒေသကြီး၊ ကျေက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့တွင် ကျောက်ဆည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ခရိုင်ပြည်သူ့ကျန်းများရေးဦးစီးဌာနတို့ပူးပေါင်းပြီး ပြည်သူများ ပြင်းထန်ဝမ်းပျက်လျှောရောဂါအကြောင်း သိရှိနားလည်ပြီး တစ်ကိုယ်ရေသန့်ရှင်းရေး၊ ပတ်ဝန်းကျင်သန့်ရှင်းရေးလုပ်ငန်းများလိုက်နာဆောင်ရွက်စေရန်နှင့် ကျန်းမာခြင်းအကြောင်းများ ပိုမိုသိရှိနားလည်စေရန် ယမန်နေ့နံနက်ပိုင်းက ပြင်းထန်ဝမ်းပျက်ဝမ်းလျောရောဂါ ကြိုတင်ကာကွယ်ရေး ရပ်ကွက်/ကျေးရွာများတွင်  ကျန်းမာရေးအသိပညာပေးဟောပြောခြင်း၊ ကလိုရင်းဆေးခတ်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် သက်ဆိုင်ရာရပ်ကွက်/ကျေးရွာများမှ အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်း/အဖွဲ့ဝင်များ၊ ရပ်မိ/ရပ်ဖများနှင့်ပြည်သူများက ဝိုင်းဝန်းကူညီခဲ့ကြပြီး မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများက ပြင်ထန်ဝမ်းပျက်ဝမ်းလျှောရောဂါသည် ဝမ်းရောဂါဖြစ်ပွားစေသော ရောဂါပိုးများပါရှိသည့် မသန့်ရှင်းသောရေနှင့် အစားအစာများ စားသောက်မိရာမှတဆင့်ကူးစက်ခြင်းဖြစ်ကြောင်း၊ ရာသီမရွေး ဖြစ်ပွားလေ့ရှိပြီး အထူးသဖြင့်မိုးဦးကျ ကာလနှင့်မိုးအကုန်ဆောင်းအကူးကာလများတွင် အဖြစ်များကြောင်း၊ ရောဂါမဖြစ်ပွားစေရေး အစာမစားမီ၊ အစားအစာပြင်ဆင်ချိန်၊ အညစ်အကြေးနှင့်အမှိုက်များကိုင်တွယ်ပြီးချိန်၊ အိမ်သာမှဆင်းချိန်တို့တွင် လက်ကိုဆပ်ပြာဖြင့် စင်ကြယ်စွာစနစ်တကျဆေးကြောကြရန်၊ တစ်ကိုယ်ရေသန့်ရှင်းရေးကို ဂရုပြုဆောင်ရွက်ရန်၊ ယင်လုံအိမ်သာ ရာနှုန်းပြည့်သုံးစွဲကြရန်၊ ရေကိုကျိုချက်၍သောက်ရန်၊ အစားအစာများကို ကျက်အောင်ချက်ပြီးမှ စားသုံးရန်၊ အစားအစာများကို ယင်မနားအောင် လုံခြုံစွာဖုံးအုပ်ထားရန်၊ ခြင်၊ ယင်များ မပေါက်ပွားစေရန် ပတ်ဝန်းကျင်သန့်ရှင်းရေးကို အထူးဂရုပြုဆောင်ရွက်ကြရန် အသိပညာပေး ဟောပြော ခဲ့သည်။

ဆက်လက်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယအုပ်ချုပ်ရေးမှူး ဦးကျော်ကျော်မင်းနှင့်ဝန်ထမ်းများ၊ ခရိုင်/မြို့နယ်ပြည်သူ့ကျန်းမားရေးဦးစီးဌာနမှ တာဝန်ရှိသူများက ပြည်သူများအသုံးပြုလျက်ရှိသော သောက်သုံး ရေတွင်း/ရေကန်များအတွင်းသို့ ကလိုရင်းဆေးများ ခတ်ပေးခဲ့ကြောင်းနှင့် ကလိုရင်းဆေးခတ်ပေးခြင်းဖြင့် ရောဂါဖြစ်စေသည့် ပိုးမွှားများအား ထိန်းချုပ်စေပြီး သေကျေပျက်စီးစေကာ သန့်ရှင်းသော သောက်သုံးရေးများရှိစေပြီး ရေမှတစ်ဆင့် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါများဖြစ်ပွားခြင်းမှ ထိရောက်စွာကြိုတင်ကာကွယ်တားဆီးနိုင်မည် ဖြစ်ကြောင်း သိရသည်။

သက်မောင်၊ ကျောက်ဆည်