ကလော နိုဝင်ဘာ ၁၇
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ ကလောမြို့တွင်မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော် ၁ ရက်နေ့ တွင် နှစ်စဉ်ကျင်းပလျက်ရှိသည့် (၁၉) ကြိမ်မြောက်၊ မြို့လုံးကျွတ် မဟာတန်ဆောင်တိုင် ရိုးရာမီးရှော်တိုင်နှင့် မီးကြာစံထွန်းညှိပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နေ့ည ၈ နာရီက မောမြေဦးပန်းခြံ မီးရှော်တိုင်ကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ (၁၉)ကြိမ်မြောက်၊ မြို့လုံးကျွတ် မဟာတန်ဆောင်တိုင် ရိုးရာမီးရှော်တိုင်နှင့် မီးကြာစံ ထွန်းညှိပူဇော်ပွဲကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်နှင့်အဖွဲ့ဝင် ပြည်နယ်ဝန်ကြီးများဖြစ်သည့် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးစိန်ဝင်း၊ သံယံဇာတရေးရာဝန်ကြီး ဦးစိုင်းလိတ်၊လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်နှင့် ကလောစစ်ဦးစီးတက္ကသိုလ် ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် ကျော်ကျော်ဟန်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။
ထို့နောက်ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က အဖွင့်အမှာ စကားပြောကြားခဲ့ပြီး ရိုးရာမီးရှော်တိုင်နှင့် မီးကြာစံထွန်းညှိပူဇော်ပွဲအား စက်ခလုတ်နှိပ်၍ မီးပုံးပျံငယ်များလွှတ်တင်ခြင်းနှင့် မီးရှူးမီးပန်းများပစ်လွှတ်ခဲ့ကြသည်။ ရိုးရာမီးရှော်တိုင်နှင့်မီးကြာစံထွန်းညှိပူဇော်ပွဲဖွင့်ပွဲအခမ်းအနားသို့တက်ရောက်လာကြသော တိုင်းရင်းသားရိုးရာ အကအလှအဖွဲ့များမှ တေးသီချင်းများဖြင့် ကပြဖျော်ဖြေ၍ ပြိုင်ပွဲဝင်မီးရှော်တိုင်အဖွဲ့များမှ ပစ်လွှတ်ထွန်းညှိပူဇော် ယှဉ်ပြိုင်ခြင်းနှင့် နိုင်ငံကျော်သရုပ်ဆောင်နှင့် တေးသံရှင်များမှဖျော်ဖြေရေး အစီအစဉ်များဖြင့် ဧည့်ခံဖျော်ဖြေတင်ဆက်ခဲ့ကြသည်။ ထို့နောက်ပြိုင်ပွဲဝင် မီးရှော်တိုင်အဖွဲ့များမှ ပစ်လွှတ်ထွန်းညှိပူဇော်ယှဉ်ပြိုင်ခဲ့ရာ ရပ်ကွက် (၃)ကိုယ်စားပြု Kalaw-Net မီးရှော်တိုင်၊ ရပ်ကွက်(၇)ကိုယ်စားပြု မြက်ရဲအင်း မီးရှော်တိုင်၊ပဲရင်းတောင်ကျေးရွာ ကိုယ်စားပြု ရတနာကောင်ခမ်း မီးရှော်တိုင်၊ ရပ်ကွက် (၁၁)ကိုယ်စားပြု မီးနဂါးနှင့်ရပ်ကွက်(၅)ကိုယ်စားပြု Fire Baby မီးရှော်တိုင်တို့ယှဉ်ပြိုင်ခဲ့ကြသည်။
အဆိုပါပြိုင်ပွဲကိုကလောမြို့ပေါ်ရှိရပ်ကွက် (၁၁)ရပ်ကွက်နှင့် ကျေးရွာများမှပြိုင်ပွဲဝင် မီးရှော်တိုင် (၁၅)တိုင်ကို ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၁၆ ရက်နေ့မှ ၁၈ ရက်နေ့အထိ တစ်ရက်ကို မီးရှော်တိုင် ၅ တိုင်ဖြင့် ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)