တောင်ပိုင်းခရိုင် ပြည်သူ့စာကြည့်တိုက်လုပ်ငန်းများ ကြည့်ရှုစစ်ဆေး

သန်လျင်  နိုဝင်ဘာ ၁၇

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတစ်ခုဖြစ်သော ပြည်သူ့စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေး၊ အရှိန်မြှင့်ဆောင်ရွက်လျက်ရှိရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးဆန်းဝင်းသည် ရန်ကုန်မြောက်ပိုင်းခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာထွန်းနှင့်အတူ ယမန်နေ့နံနက် ၁၀ နာရီတွင် ရန်ကုန်တောင်ပိုင်းခရိုင်ရုံး(သန်လျင်) ခရိုင်ပြည်သူ့စာကြည့်တိုက်သို့ရောက်ရှိပြီးစာကြည့်တိုက်လုပ်ငန်းများအား ကြည့်ရှုစစ်ဆေးသည်။

ရှေးဦးစွာ ခရိုင်အတွင်းရှိ မြို့နယ်များမှ စာကြည့်တိုက်တာဝန်ခံ ဒုတိယဦးစီးမှူးများအားတွေ့ဆုံ၍ စာကြည့်တိုက်လုပ်ငန်းများ ဥပဓိရုပ်ကောင်းမွန်ရေး၊ စားငှား၊ စာဖတ်စနစ်တကျရှိရေး၊ တိုက်ပိုင်ရေးသွင်းမှုမှန်ကန်ရေး၊  DLMS စနစ်ဖြင့်စာအုပ်များ ငှားရမ်းမှု၊ နည်းလမ်းလေးသွယ်ဖြင့်ရရှိသော စာအုပ်များအခြေအနေ၊ ကလေးစာဖတ်ခန်းနှင့် စာကြည့်တိုက်အတွင်း အလင်းရောင် လုံလောက်စွာရရှိရေး အသေးစိတ်ဆွေးနွေးမှာကြားပြီး လုပ်ငန်းများအား ကြည့်ရှုစစ်ဆေးသည်။

ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရန်ကုန်တောင်ပိုင်းခရိုင်ရုံး (သန်လျင်) လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှပိုမိုက ခရိုင်ပြည်သူ့စာကြည့်တိုက်နှင့် ခရိုင် အတွင်းရှိ မြို့နယ်ရုံး၊ မြို့ရုံးတို့၏ စာကြည့်တိုက်လုပ်ငန်းများ စနစ်တကျရှိစေရေး အရှိန်မြှင့်ဆောင်ရွက်လျက်ရှိသည့် အခြေအနေများရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဦးစီးမှူးက လိုအပ်ချက်များညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

ဖြိုးသီဟ (ခရိုင်ပြန်/ဆက်)