တောင်ကြီး နိုဝင်ဘာ ၁၇
တောင်ကြီးမြို့တွင် ၂၀၂၄ ခုနှစ်၊ (၇၄) ကြိမ်မြောက် တန်ဆောင်တိုင် မီးပုံးပျံလွှတ်တင်ပူဇော်ပွဲကို ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် အဝေယာကုန်းသာယာကွင်းတွင် နိုဝင်ဘာလ (၁၁) ရက်နေ့မှ (၁၇) ရက်နေ့အထိ နေ့/ညမီးပုံးပျံပြိုင်ပွဲများ၊ မီးပဒေသာလှည့်လည်ပြိုင်ပွဲ၊ မသိုးသင်္ကန်းရက်လုပ်ပြိုင်ပွဲ၊ ဈေးပွဲတော်များ၊ အရောင်းမြှင့်တင်ရေးပွဲတော်များ၊ တေးဂီတဖျော်ဖြေပွဲများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိရာ နိုဝင်ဘာ ၁၅ ရက်နေ့တွင် ပဉ္စမမြောက်နေ့အဖြစ် ဆက်လက်ကျင်းပလျက်ရှိသည်။
တောင်ကြီးမြို့၊ တန်ဆောင်တိုင်မီးပုံးပျံပွဲတော်သည် မြန်မာသက္ကရာဇ် ၁၃၀၂ ခုနှစ်၊ ခရစ်နှစ် သက္ကရာဇ် ၁၉၄၁ ခုနှစ်၊ တန်ဆောင်မုန်းလတွင် ကုန်းသာကျောင်းဆရာတော်မှဦးစီး၍ အချင်း (၅၀)ပေခန့်ရှိသည့် မီးပုံးပျံကြီးကို ပြုလုပ်လွှတ်တင်ခြင်းမှစတင်ခဲ့ပြီး ၁၉၅၀ ပြည့်နှစ်တွင် ပထမဆုံး မီးပုံးပျံပြိုင်ပွဲအဖြစ် ဆုများရွေးချယ်ချီးမြှင့်ကာ ပြိုင်ပွဲအသွင်ဖြင့် နှစ်စဉ်ကျင်းပလာခဲ့ကြောင်းနှင့် ၁၃၈၆ ခုနှစ်၊ တောင်ကြီးတန်ဆောင်တိုင်မီးပုံးပျံပွဲတော်ကိုလည်း ရိုးရာအစဉ်အလာမပျက် နို၀င်ဘာလ ၁၁ ရက်နေ့မှစ၍ ဆက်လက်ကျင်းပလျက်ရှိရာ ပဉ္စမမြောက်နေ့အဖြစ် ပြိုင်ပွဲဝင်အဖွဲ့အသီးသီးတို့က နေ့လွတ်အရုပ်(၃၅)ရုပ်၊ စိန်နားပန် မီးပုံးပျံ(၂)လုံး၊ ညမီးကြီး မီးပုံးပျံ(၄)လုံး လွှတ်တင်ယှဉ်ပြိုင်ခဲ့သည်။
ထိုသို့ ကျင်းပလျက်ရှိရာတွင် နိုဝင်ဘာလ (၁၁) ရက်နေ့မှ (၁၅) ရက်နေ့အထိ (၅)ရက်တာ ကာလအတွင်း စိန်နားပန်မီးပုံးပျံ (၁၆) လုံး၊ ညမီးကြီး မီးပုံးပျံ (၁၇) လုံး၊ နေ့လွှတ်အရုပ်မီးပုံးပျံ (၁၃၉) လုံး၊ စုစုပေါင်း မီးပုံးပျံ (၁၇၄) လုံး လွှတ်တင်ပူဇော်ယှဉ်ပြိုင်ခဲ့ပြီး ကျန်ရှိသည့် စိန်နားပန် မီးပုံးပျံ (၆) လုံး၊ ညမီးကြီး မီးပုံးပျံ (၉) လုံး၊ နေ့လွှတ်အရုပ်မီးပုံးပျံ (၇၀) လုံး၊ စုစုပေါင်း မီးပုံးပျံ (၈၅)လုံးအား နိုဝင်ဘာလ ၁၇ ရက်နေ့အထိလွှတ်တင်ပူဇော်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)