မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ သာကေတမြို့နယ် ကြက်ခြေနီအသင်းခွဲ၏ အခြေခံရှေးဦးပြုစုခြင်းသင်တန်းအမှတ်စဥ် (၁)၊(၂)၊(၃)/၂၀၂၄ ဖွင့်လှစ်သင်ကြားပေးလျက်ရှိ

သာကေတ နိုဝင်ဘာ ၁၇ ရက်

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ် ကြက်ခြေနီအသင်းခွဲကကြီးမှူး၍ ရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်း အမှတ်စဥ် (၁)၊(၂)၊(၃)/၂၀၂၄ အား ၇/အရှေ့ရပ်ကွက်ရှိ ဇိနမာရ်အောင်စေတီတော်ဘုရားဝင်း၌ နိုဝင်ဘာလ (၁၅) ရက်နေ့မှ ယနေ့ နိုဝင်ဘာလ (၁၇) ရက်နေ့အထိ နံနက်(၉:၀၀)နာရီမှ ညနေ(၄:၀၀)နာရီအထိ ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်းသိရသည်။

အဆိုပါသင်တန်းအား သာကေတမြို့နယ် ကြက်ခြေနီအသင်းခွဲမှ မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ လမ်းညွှန်းချက်နှင့်အညီ ရှေးဦးပြုစုခြင်းအတတ်ပညာများကို အများပြည်သူများ သိရှိတတ်မြောက်ပြီး ဘေးအန္တရာယ်ထိခိုက်ခံစားရသူများကို အကူအညီပေးနိုင်ရန်ရည်ရွယ်၍ မြို့နယ်ကြက်ခြေနီအသင်းခွဲရှိ နည်းပြအရာရှိများဖြင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ကျောင်းသား၊ ကျောင်းသူများနှင့် စိတ်ပါဝင်စားသူများကို ဖွင့်လှစ်သင်ကြားနိုင်ရေးအတွက် သင်တန်းအမှတ်စဥ် (၁)၊(၂)၊(၃)/၂၀၂၄ အား တစ်ပြိုင်နက်တည်း ဖွင့်လှစ်သင်ကြားပေးခဲ့ရာ ကြက်ခြေနီအကြောင်းသိကောင်းစရာနှင့် ရှေးဦးပြုစုခြင်းအခြေခံသဘောတရားများ၊ အပူလောင်ခြင်းနှင့် အရည်ပူလောင်ခြင်း၊ ကိုင်တွယ်ခြင်းနှင့်သယ်ဆောင်ခြင်းများ၊ သွေးဆုတ်သွေးလန့်ခြင်း၊ မူးမေ့ခြင်း၊ သတိလစ်ခြင်း၊ အဆိပ်မိခြင်း၊ ဒဏ်ရာနှင့်သွေးယိုစီးခြင်း၊ အရိုးကျိုးခြင်း၊ အဆစ်လွဲခြင်း၊ ကြွက်သားနှင့်ရိုးဆက်ကြောဒဏ်ရာ စသည့်ဝေဒနာများနှင့်ပတ်သက်၍ အထောက်အကူပြု အခြေခံရှေးဦးပြုစုနည်းများအား ဘာသာရပ်အလိုက် သင်တန်းနည်းပြ(၁၀)ဦးက စာတွေ့လက်တွေ့သင်ကြားပေးခဲ့သည်။

ရှေးဦးပြုစုခြင်းအခြေခံသင်တန်းတွင် အမှတ်(၁)၊(၂)၊(၃)အခြေခံပညာအထက်တန်းကျောင်းများမှ အလယ်တန်း၊ အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများနှင့် ပြင်ပမှစိတ်ဝင်စားသူ သင်တန်းသားစုစုပေါင်း (၉၁) ဦး တက်ရောက်သင်ကြားပြီး ဘာသာရပ်အလိုက် ဆန်းစစ်ချက်ဖြေဆိုရမည်ဖြစ်ကြောင်း သိရှိရသည်။

ဆောင်းနှင်းဖြူ (ပြန်/ဆက်)