ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဘူရားတီးရားပြည်နယ်အကြီးအကဲ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့လာရောက်၍ ရှေးဟောင်းဘုရားများအားဖူးမြော်လေ့လာ

ညောင်ဦး  နိုဝင်ဘာ  ၁၇

ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဘူရားတီးရားပြည်နယ်အကြီးအကဲ H.E.Mr. Alexey Sambuevich Tsydenov ဦးဆောင်သော ကိုယ်စားလှယ်အဖွဲသည် ယနေ့ညနေပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ ယမန်နေ့နံနက် ၈ နာရီခွဲအချိန်ခန့်က လေးကြောင်းခရီးဖြင့် ရောက်ရှိလာရာ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ ဒုတိယတပ်မတော်စစ်ဘက်ရေးရာ လုံခြုံရေးအရာရှိချုပ် ဗိုလ်ချုပ်ခိုင်လင်း၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးအောင်ကျော်မိုးတို့က ပုဂံ-ညောင်ဦးလေဆိပ်တွင်ကြိုဆိုနှုတ်ဆက်ကြသည်။

ဆက်လက်၍  H.E.Mr. Alexey Sambuevich Tsydenov ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အား သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်နုမြဇံနှင့်အဖွဲ့တို့က ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဘူရားတီးရားပြည်နယ်အကြီးအကဲ ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့တို့အား ယမန်နေ့နံနက်ပိုင်းတွင် ရွှေစည်းခုံစေတီတော်ကြီးသို့ရောက်ရှိခဲ့ပြီး ဆီမီး၊ပန်း၊ ရေချမ်းတို့အား ဆက်ကပ်လှူဒါန်းပြီး ရွှေစည်းခုံစေတီတော်ကြီးအား လက်ယာရစ်လှည့်လည် ကြည်ညိုကြပြီး ရွှေစည်းခုံစေတီတော်ကြီး သမိုင်းကြောင်းနှင့်သိရှိလိုသည်များအား ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာ၊ တာဝန်ရှိသူများကရှင်းလင်းပြောကြားပေးကာ ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် အမှတ်တရလက်မှတ်ရေးထိုးသည်။ ဆက်လက်၍ ထီးလိုမင်းလိုဘုရား၊ အာနန္ဒာဘုရားသို့ရောက်ရှိကြပြီး ဆီမီး၊ ပန်း၊ ရေချမ်းကပ်လှူပူဇော်ကြပြီး ဘုရားကြီးသမိုင်းကြောင်းသိရှိလိုသည်တို့အား မေးမြန်းရာ တာဝန်ရှိသူများက ရှင်းလင်းပြသကြသည်။ ဆက်လက်၍ ကိုယ်စားလှယ်အဖွဲ့သည် ရှေးဟောင်းသုတေသနပြတိုက်(ပုဂံ) သို့ရောက် ရှိလေ့လာကြရာတာဝန်ရှိသူများက ရှင်းလင်းပြသကြပြီး အမှတ်တရစုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြသည်။ H.E.Mr. Alexey Sambuevich Tsydenov ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် နေ့လယ် ၁၂ နာရီခွဲအချိန်တွင် ရွှေနန်းတော်ဟိုတယ်၌ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်နုမြဇံတို့ တည်ခင်းဧည့်ခံသည့် နေ့လယ်စာအား စားသုံးကြသည်။ နေ့လယ်ပိုင်းတွင် ပုဂံမြို့သစ်ရှိ ဦးဘညိမ်းယွန်းလုပ်ငန်းသို့ရောက်ရှိကြပြီး ယွန်းလုပ်ငန်း ပြုလုပ်နေပုံအဆင့်ဆင့်နှင့်ပြုလုပ်ပြီးသား ယွန်းထည်ပစ္စည်းတို့အား ကြည့်ရှုလေ့လာကြပြီး၊ ကြိုက်နှစ်သက်သည့် ယွန်းထည်ပစ္စည်းများအား ဝယ်ယူအားပေးသွားကြောင်း သိရသည်။

ဒီပါလင်း