ပြင်ဦးလွင် နိုဝင်ဘာ ၁၇
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့တွင် တည်ထားကိုးကွယ်လျက်ရှိသော မဟာအံ့ထူးကံသာ ဆုတောင်းပြည့်ဘုရားကြီးတွင် ဆီမီး (၉၀၀၀) ထွန်းညှိပူဇော်ခြင်းနှင့် မီးပုံးပျံလွှတ်တင်ပူဇော်ခြင်း အခမ်းအနားကို နိုဝင်ဘာ ၁၅ ရက်နေ့ ညနေ ၅ နာရီက ဘုရားကြီး ရင်ပြင်ပေါ်၌ ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြင်ဦးလွင်တပ်နယ်မှူးနှင့် တပ်နယ်အရာရှိကြီးများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ဘုရားကြီးဂေါပကအဖွဲ့ဝင်များ၊ ဝတ်အသင်းများ၊ ကြွရောက်လာသော ပရိသတ်များက ဆီမီးများ စတင်ထွန်းညှိပူဇော်ကြပြီး မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တာဝန်ရှိသူများက ဘုရားကြီးအား လက်ယာရစ်လှည့်ပတ်ဖူးမြော်၍ ဆီမီးထွန်းညှိပူဇော်နေမှုများအား လိုက်လံကြည့်ရှု အားပေးခဲ့ကြသည်။
ဆက်လက်ပြီး မဟာအံ့ထူးကံသာဆုတောင်းပြည့်ဘုရားကြီး၏ ရင်ပြင်ပေါ်၌ အရုပ်အလှ မီးပုံးပျံ (၁၁) လုံး၊ ညမီးကျည် မီးပုံးပျံ (၁) လုံး၊ စိန်နားပန်မီးပုံးပျံ (၅) လုံးတို့ဖြင့် မဟာအံ့ထူးကံသာ ဆုတောင်းပြည့်ဘုရားကြီးအား လွှတ်တင်ပူဇော်ခဲ့ရာ ပြင်ဦးလွင်မြို့နယ်အတွင်းရှိ ကျောင်းပေါင်းစုံမှ ကျောင်းသား/ကျောင်းသူလေးများက အကပဒေသာများဖြင့် ကပြဖျော်ဖြေခြင်းနှင့် ရှမ်းရိုးရာအကများဖြင့် ကပြဖျော်ဖြေခဲ့ကြသည်။
ယင်းနောက် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများမှ အရုပ်အလှမီးပုံးပျံ၊ ညမီးကျည် မီးပုံးပျံနှင့် စိန်နားပန်မီးပုံးပျံ လွှတ်တင်ရေးအဖွဲ့ခေါင်းဆောင်များနှင့်ကပြ ဖျော်ဖြေခဲ့သည့် ကျောင်းသား/ကျောင်းသူလေးများအား ဂုဏ်ပြုဆုငွေများ အသီးသီးပေးအပ် ချီးမြှင့်ပေးခဲ့ကြကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)