တောင်ဥက္ကလာပမြို့နယ်၌  ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော်အတွက် စခန်းဝင်လေ့ကျင့်နေသော ရန်ကုန်တိုင်းဒေသကြီးအားကစားသမားများအား တားမြစ်ဆေးဝါးသုံးစွဲမှု ဆန့်ကျင်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ

တောင်ဥက္ကလာပ  နိုဝင်ဘာ  ၁၇

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် အမှတ်(၁၀)ရပ်ကွက်၊ သုမင်္ဂလာလမ်းရှိ ပဒေသာအားကစားခန်းမ၌  ၂၀၂၄ ခုနှစ် ပဉ္စမအကြိမ်အမျိုးသား အားကစားပွဲတော်အတွက် စခန်းဝင်လေ့ကျင့်နေသော ရန်ကုန်တိုင်းဒေသကြီး အားကစားသမားများအား တားမြစ်ဆေးဝါးသုံးစွဲမှုဆန့်ကျင်ရေး အသိပညာပေး ဟောပြောပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၁ နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအသိပညာပေးဟောပြောပွဲတွင် ရန်ကုန်တိုင်းဒေသကြီးအားကစားနှင့် ကာယပညာဦးစီးဌာန တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးဦးဌေးအောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြန်မာနိုင်ငံတားမြစ်ဆေးဝါးသုံးစွဲမှုဆန့်ကျင်ရေးကော်မတီဥက္ကဋ္ဌ ပါမောက္ခဒေါက်တာသန်းသန်းဌေးက  အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်၍ အားကစားနှင့် ကာယပညာဦးစီးဌာန၊ အားကစားဆေးဘက်ဌာနခွဲမှ လက်ထောက်ညွှန်ကြားရေးမှူး  ဒေါက်တာဝဏ္ဏက တားမြစ်ဆေးဝါးသုံးစွဲမှုဆန့်ကျင်ရေးနှင့် ပတ်သက်‌သည့်အကြောင်းအရာများကို အသိပညာပေးဟောပြောခြင်းနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ဒေါက်တာယုနန္ဒာထွန်းမှ အားကစားသမားများအား တားမြစ်ဆေးဝါးသုံးစွဲမှု စစ်ဆေးခြင်းများကိုလည်း အသိပညာပေး ရှင်းလင်းဟောပြောခဲ့သည်။

ထို့နောက်  ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီးအစိုးရအဖွဲ့လူမှုရေးရာဝန်ကြီး ဦးဌေးအောင်မှ ဟောပြောပို့ချသည့် တာဝန်ရှိသူများအား အမှတ်တရလက်ဆောင်ပစ္စည်းများနှင့် ပြိုင်ပွဲဝင်အားကစားသမားများ၊ အသင်းအုပ်ချုပ်သူများ၊ နည်းပြများအား ချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ခင်ဆွေနှင်း(ပြန်/ဆက်)