သန်လျင်မြို့ သမိုင်းဝင်ဆံတော်ရှင်ကျိုက်ခေါက်စေတီ တန်ဆောင်တိုင်မသိုးသင်္ကန်းရက်ပြိုင်ပွဲ ဆုပေးပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပ

သန်လျင်  နိုဝင်ဘာ ၁၇

သန်လျင်ခရိုင်၊ သန်လျင်မြို့ ရှေးဟောင်းသမိုင်းဝင်ဆံတော်ရှင် ကျိုက်ခေါက်စေတီဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့မှ ကြီးမှူးကျင်းပသော တန်ဆောင်တိုင် မသိုးသင်္ကန်းရက်ပြိုင်ပွဲဆုချီးမြှင့်ပွဲကို နိုဝင်ဘာ ၁၄ ရက်နေ့ နံနက် ၇ နာရီတွင် စေတီတော် ရင်ပြင်သုဒ္ဓိယုဝတန်ဆောင်း၌ ကျင်းပခဲ့သည်။

ရှေးဦးစွာအခမ်းအနားအားဘုရားကန်တော့၍ ဖွင့်လှစ်ပြီး စေတီတော်သြဝါဒါစရိယမြို့ဦးစက်ပစ်ကွင်းကျောင်းပဓာန နာယကဆရာတော် ဘဒ္ဒန္တတေဇထံမှ သီလခံယူဆောက်တည်ကြသည်။

ထို့နောက် ဆရာတော်ကြီးများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သိုက်ဝင်းနှင့် ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုးကြည်တို့ကဆက်ကပ်လှူဒါန်းကြပြီး ယက်ကန်းစင်တော် အလှူရှင်များနှင့် (၃၉)ကြိမ်မြောက် မသိုးသင်္ကန်းရက်ပြိုင်ပွဲဆုရရှိသူများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သိုက်ဝင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးတင့်နှင့် ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုးကြည်တို့က ဆုများပေးအပ်ချီးမြှင့်ကြသည်။ ထို့နောက် ဆရာတော်ကြီးထံမှ ဧည့်ပရိတ်သတ်များက ရေစက်ချတရားနာယူကြသည်။

ဆက်လက်၍ စေတီတော်သြဝါဒါစရိယ ဆရာတော်ကြီးများနှင့်သံဃာတော်အပါး(၉၀)တို့အား အလှူရှင်များက စာရေးတံမဲနှင့်ဆွမ်းဆန်စိမ်းလောင်းလှူခဲ့ကြောင်း သိရသည်။

ဖြိုးသီဟ (ခရိုင်ပြန်/ဆက်)