တွံတေး နိုဝင်ဘာ ၁၇
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့ကျက်သရေဆောင် ဆံတော်ခြောက်ဆူကိန်းဝပ်တော်မူသော ဆံကေသာဓာတု ရွှေဆံတော်စေတီတော်မြတ်ကြီး၌ ကိန်းဝပ်တော်မူသော နှစ်ကျိပ်ရှစ်ဆူကုန်သောဗုဒ္ဓရုပ်ပွားတော်များ မြို့တွင်းသို့လှည့်လည်ပူဇော်ပွဲကို နိုဝင်ဘာ ၁၅ ရက်နေ့ နေ့လယ် ၂ နာရီအချိန်က ရွှေဆံတော်စေတီတော်မြတ်ကြီးမှ မြို့ပေါ်(၈)ရပ်ကွက်အတွင်းသို့ လှည့်လည်ပူဇော်ခံခဲ့ကြောင်း သိရသည်။
အဆိုပါ မြို့နယ်လုံးဆိုင်ရာ နှစ်ကျိပ်ရှစ်ဆူကုန်သော ဗုဒ္ဓရုပ်ပွားတော်များအား မြို့တွင်းသို့ကြွချီ၍ ပူဇော်ပွဲကို တွံတေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ရွှေဆံတော်စေတီ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့တို့၏ ဦးဆောင်မှုဖြင့် မြို့ပေါ်( ၈)ရပ်ကွက်၊ရှမ်းစု၊ညောင်တံခါး၊ ငါးခုမ်းမစမ်းကျေးရွာမိသားစုများက အလှပြမော်တော်ယာဥ်များဖြင့် ဗုဒ္ဓရုပ်ပွားတော် နှစ်ကျိပ်ရှစ်ဆူတို့အား ပင့်ဆောင်ကာ ဒေသခံပြည်သူများ ပူဇော်နိုင်ရန်အတွက် လှည့်လည်ပူဇော်ခံခြင်းဖြစ်ကြောင်း၊ ထိုသို့နှစ်ကျိပ့်ရှစ်ဆူကုန်သော ဗုဒ္ဓရုပ်ပွါးတော်များ မြို့တွင်းလှည့်လည်စဉ် စေတနာရှင်အလှူရှင်များက ဘုရားရှင်တို့၏ဂုဏ်တော်ကို ကြည်ညိုသဒ္ဒါပွားကာ ပန်း၊ ဆီမီး၊ ဖရောင်းတိုင်၊ အမွှေးနံ့သာများဖြင့် ပက်ဖြန်းပူဇော်ကြကြောင်းလည်း သိရသည်။
နှစ်ကျိပ့်ရှစ်ဆူကုန်သော ဗုဒ္ဓရုပ်ပွားတော်များမြို့တွင်းသို့ လှည့်လည်ပူဇော်ပွဲကို နှစ်စဉ်ကျင်းပလာခဲ့ရာ ယခုနှစ်တွင် (၄၇) ကြိမ်မြောက်ရှိခဲ့ပြီးဖြစ်ကြောင်း ယခင်နှစ်များက ထက်ပိုမိုစည်ကား အောင်မကျင်းပနိုင်သော်လည်း ရှေးအစဥ်အလာမပျက် ကျင်းပခဲ့ကြောင်း သိရသည်။
တွံတေးမြို့ နှစ်ကျိပ်ရှစ်ဆူမြို့တွင်း လှည့်လည်ပူဇော်ပွဲကို ဒေသခံများသာမက ရပ်ဝေး၊ ရပ်နီးမှ ပြည်သူများပါ လာရောက်ပူဇော်လေ့ရှိကြောင်း နှစ်ကျိပ်ရှစ်ဆူမြို့တွင်းလှည့်လည်ပူဇော်ပွဲကျင်းပရေကော်မတီဒုဥက္ကဋ္ဌ ဦးစိုးလွင်ထံမှ သိရသည်။
တွံတေးသား