ကျောက်ဆည်မြို့ ဆည်တော်နံရွှေမုဌောဘုရား စုပေါင်းဘုံကထထိန်နှင့် ပဒေသာပင်များ၊ စာရေးတံမဲလှူဒါန်းပွဲ အခမ်းအနား စည်ကားသိုက်မြိုက်စွာကျင်းပ

ကျောက်ဆည် နိုဝင်ဘာ  ၁၆

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့၊ ဆည်တော်နံ ရွှေမုဋ္ဌောဘုရားကြီး၏ ၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်နေ့ တန်ဆောင်တိုင်ပွဲတော်၊ စုပေါင်းဘုံကထိန်နှင့် ပဒေသာပင်များ၊ စာရေးတံမဲလှူဒါန်းပွဲအခမ်းအနားကို ယမန်နေ့နံနက်(၉)နာရီက ဆည်တော်နံရွှေမုဌောဘုရားရင်ပြင်တော် ဓမ္မာရုံတွင် စည်ကားသိုက်မြိုက်စွာကျင်းပ ပြုလုပ်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာအခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ခဲ့ပြီး ကုန်းမြင့်သာ ပရိယတ္တိ စာသင်တိုက် ဦးစီးပဓာန ဆရာတော်ကြီးထံမှ ငါးပါးသီးလတရားခံယူဆောက်တည်၍ ကြွရောတော် မူလာကြသည့် ဆရာတော်အရှင်သူမြတ်တို့မှ ရွတ်ပွားသရစ္ဇျာယ် ချီမြှင့်တော်မူသည့် အန္တရာယ်ကင်း ပရိတ်တရားတော်များအား  အလှူရှင်များက နာယူကြည်ညိုခဲ့ကြပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂) ဦးအောင်သူ၊ ရွှေမုဌောဘုရားဂေါပကဥက္ကဋ္ဌ ဦးမောင်လေးနှင့် တာဝန်ရှိသူတို့က  ဆူးကုန်းရပ်ကွက်၊ မဟာဝိသုတာရာမ ပရိယတ္တိစာသင်တိုက် ဦးစီးပဓာနနာယက ဩဝါဒစရိယ နိုင်ငံ့ဝန်ဆောင် ဘဒ္ဒန္တခေမိန္ဒာစာရ ဆရာတော်ထံသို့ ကထိန်လျာသင်္ကန်းအား သံဃိကဒါနအဖြစ် ဆပ်ကပ်လှူဒါန်းခဲ့ကြသည်။

ဆက်လက်၍  ရွှေမုဌောဥက္ကဋ္ဌနှင့် အလှူရှင်များက ဘုံကထိခင်းမည့် ကျောက်ဆည်မြို့ သစ်ကြီးတန်း ရပ်ကွက်၊ ဆင်ဖြူဝပ်ကျောင်းဆရာတော်ထံသို့ လှူဖွယ်ဝတ္တုပစ္စည်းများအား ဆက်ကပ်လှူဒါန်းခဲ့ပြီး ဆူကုန်းရပ်ကွက် မဟာဝိသုတာရာမ ပရိယတ္တိ စာသင်တိုက်ကြီး၏ ဦးစီးပဓာန နာယကဆရာတော် အဒ္ဒန္တခေမိန္ဒာစာရ (အဂ္ဂအဟာဂန္တဝါစကပဏ္ဍိတ) ထံမှ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အနုမောဒနာတရား ချီးမြှင့်တော်မူခဲ့ပြီး ရွှေမုဌောဘုရားဂေါပကဥက္ကဋ္ဌနှင့် အလှူရှင်များက ပင့်သံဃာ (၁၆၁)ပါးအား ပဒေသာပင်စာရေးတံမဲများဖောက်၍ အလှူရှင်များက ပဒေသာပင်မဲပေါက်သည့် ကျောင်းတိုက်သို့ အတီး အမှုတ်၊ အက အခုန်များဖြင့် သွားရောက်လှူဒါန်းခဲ့ရာ လမ်းဘေးဝဲ/ယာ ကြည့်ရှုကုသိုလ်ယူသူများနှင့် စည်ကားလျက်ရှိကြောင်း  သိရသည်။

ဆည်တော်နံ ရွှေမုဌောဘုရားကြီး၏ စုပေါင်းဘုံကထိန်တွင် ရွှေမုဌောဘုရားကြီး၏ ပဒေသာပင်အပါအဝင် ပဒေသာပင်ပေါင်း(၁၆၂)ပင်ဖြစ်ကြောင်းနှင့် ငွေသားအလှူ၊ ပစ္စည်းအလှူ စုစုပေါင်းခန့်မှန်း တန်ဖိုး (၁၈၆,၄၅၉,၈၀၀)ကျပ်ဖြစ်ကြောင်း ရွှေမုဌောဂေါပကထံမှသိရသည်။

သက်မောင်(ကျောက်ဆည်)