ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး၌ မသိုးသင်္ကန်းရက်လုပ် ပူဇော်ပွဲ ကျင်းပ

ကျိုက်ထို  နိုဝင်ဘာ  ၁၆

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး၌ မသိုးသင်္ကန်း ရက်လုပ်ပူဇော်ပွဲကို နိုဝင်ဘာ (၁၄)ရက် ညပိုင်း၌ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်ရင်ပြင်၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်ဂေါပကအဖွဲ့မှ တာဝန်ရှိသူများ၊ မသိုးသင်္ကန်း ရက်ခတ်မည့်အဖွဲ့များနှင့် ဘုရားဖူးပြည်သူများမှ နမောတဿ (၃) ကြိမ် ရွတ်ဆိုပူဇော်၍ အခမ်းအနားကိုဖွင့်လှစ်ကာ မသိုးသင်္ကန်း ရက်လုပ်မည့်စင်တော်အား မြို့နယ် သာသနာရေး ဦးစီးမှူးနှင့်  ကျိုက်ထီးရိုးဂေါပကအဖွဲ့မှ တာဝန်ရှိသူများက အမွှေးနံ့သာရည်များ ပက်ဖျန်းပြီး ရက်ကန်းခတ်မည့် သမီးပျိုများမှ မသိုးသင်္ကန်းများကို ရက်လုပ်ခဲ့ကြသည်။

ထို့နောက် ရက်ကန်းခတ်သည့် သမီးပျိုများအား တာဝန်ရှိသူများနှင့် အလှူရှင်များမှ ဆုငွေများပေးအပ်ကာ ရက်ကန်းခတ်လုပ်ပြီးသည့် မသိုးသင်္ကန်းများကို ဆံတော်ရှင်ကျိုက်ထီးရိုးစေတီရင်ပြင်၌ ပူဇော်ထားရှိသော ဗုဒ္ဓမြတ်စွာဘုရားများအား ကပ်လှူပူဇော်သွားမည်ဖြစ်ကြောင်း သိရသည်။

ကျိုက်ထို(ပြန်/ဆက်)