သုဝဏ္ဏဝတီမြို့ ရွှေဘုံသာစေတီတော်မြတ်ကြီး ဆွမ်းဆန်စိမ်းလောင်းလှူပွဲ စည်ကားစွာကျင်းပ

သထုံ နိုဝင်ဘာ ၁၆

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့၊ ကျိုက္ကော်ရပ်ကွက်ရှိ ရွှေဘုံသာစေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယ မြို့လုံးကျွတ် ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲကို နိုဝင်ဘာလ ၁၅ ရက် (တန်ဆောင်မုန်းလပြည့်နေ့) နံနက်ပိုင်းက အဆိုပါစေတီတောမြတ်ကြီး ရင်‌ပြင်‌တော်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။

ဆွမ်းဆန်စိမ်းလောင်းလှူရာတွင် ရွှေဘုံသာစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့နှင့် မြို့မိမြို့ဖတို့က ဗုဒ္ဓရုပ်ပွားတော်မြတ်အား ပင့်ဆောင်ပေးကြပြီး စေတီတော် ဩဝါဒါစရိယ ဆရာတော်ကြီးများအပါအဝင် ရပ်နီးရပ်ဝေး ပင့်ကျောင်းစုစုပေါင်း ၈၁ ကျောင်းတို့မှ ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များနှင့် သာသနာ့နွယ်ဝင်သီလရှင် စုစုပေါင်း ၅၀၀ ပါးခန့်အား သုဝဏ္ဏဝတီမြို့နှင့် အနီးဝန်းကျင်ကျေးရွာတို့မှ အလှူရှင်များက ဆွမ်းဆန်တော်၊ ငွေပဒေသာပင်များနှင့် လှူဖွယ်များအား လောင်းလှူပူဇော်ခဲ့ကြသည်။

အဆိုပါဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ ဦးဆောင်၍ အလှူရှင်တို့က ကြွရောက်လာကြသည့် သံဃာတော် အရှင်သူမြတ်များနှင့် သာသနာ့နွယ်ဝင် သီလရှင်တို့အား ဆွမ်းနှင့် အချိုပွဲများ ဆက်ကပ်ခြင်း၊ ရပ်နီးရပ်ဝေးမှ ဘုရားဖူးဧည့်ပရိသတ်များအား စတုဒိသာ အာဟာရများ ဒါနပြုကျွေးမွေးလှူဒါန်းခြင်းတို့ကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)