ပျော်ဘွယ် နိုဝင်ဘာ ၁၆
ပျော်ဘွယ်မြို့နယ်တွင် ၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း(၈)ရက်နေ့မှ စတင်ကျင်းပခဲ့သည့် မြို့နယ်လုံးဆိုင်ရာ(၁၁၃)ကြိမ်မြောက် မဟာဘုံကထိန်ပွဲတော်တွင် ကထိန်သင်္ကန်းနှင့်လှူဖွယ်ဝတ္ထုပစ္စည်းများဆက်ကပ်လှူဒါန်းခြင်း၊ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်ချတရားနာယူခြင်းကို ယမန်နေ့မွန်းတည့်(၁၂)နာရီက မြို့နယ်ရာပြည့်သာသနာ့ဗိမာန်တော်တွင် ကျင်းပသည်။
ရှေးဦးစွာ အခမ်းအနားကို တက်ရောက်လာသည့် ဆရာတော်သံဃာတော်များနှင့် ဧည့်ပရိတ်သတ်များက နမောတဿသုံးကြိမ်ရွတ်ဆိုဘုရားကန်တော့ဖွင့်လှစ်ပြီး ဓမ္မစကြာကျောင်းတိုက်ဆရာတော် ဦးကေလာသထံမှ ငါးပါးသီလခံယူဆောက်တည်ကြကာ ကထိန်အနုမောဒနာတရားနာယူကြသည်။
ထို့နောက် မြို့နယ်လုံးဆိုင်ရာမဟာဘုံကထိန်ပွဲတော်ကျင်းပရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအာကာစိုးက ကထိန်ပွဲတော်ကျင်းပခဲ့ခြင်းနှင့်သာသနာရေးဆိုင်ရာများလျှောက်ထားပြီး ဆရာတော်သံဃာတော်များထံ ကထိန်သင်္ကန်းနှင့်လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်ချတရား နာယူကြသည်။
မြို့နယ်လုံးဆိုင်ရာ (၁၁၃)ကြိမ်မြောက် မဟာဘုံကထိန်ပွဲတော်တွင် အလှူရှင်များစုပေါင်းလှူဒါန်းသည့် ပစ္စည်းနှင့်ငွေသားတန်ဖိုးစုစုပေါင်းမှာ ငွေကျပ်(၉၉၉)သိန်းကျော်ဖြစ်ကြောင်း၊ လှူဒါန်းရရှိမှုများအား ဘုရားတစ်ပါး၊ ဉာတ်မကြီးကျောင်း(၅)ပါး၊ ပင့်သံဃာ(၁၀၆)ပါးတို့အား ကထိန်သင်္ကန်းနှင့်လှူဖွယ်ဝတ္ထုပစ္စည်းတို့ကို ခွဲဝေလှူဒါန်းသွားမည်ဖြစ်ကြောင်း မြို့နယ်လုံးဆိုင်ရာမဟာဘုံကိန်ကျင်းပရေးကော်မတီထံမှ သိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)