မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ရှင်ဥပဂုတ္တမထေရ်မြတ် ပူဇော်ပွဲ၊ ဆွမ်းအိုးမျှောပွဲနှင့် ကွမ်ရိုက်ကျေးရွာ ကျိုက်တမော့လဲ့စေတီတော်မြတ် (၂၃)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ တက်ရောက်

မော်လမြိုင် နိုဝင်ဘာ ၁၆

တန်ဆောင်မုန်းလပြည့်နေ့ (သာမညဖလအခါသမယ)တွင် မွန်ပြည်နယ်ရှိ အထင်ကရ တန်ခိုးကြီးဘုရား၊ စေတီများတွင် ဘုရားဖူးကုသိုလ်ယူကြသူများ၊ မြို့နယ်အသီးသီးတွင် ပျော်ပွဲရွှင်ပွဲများ၊ စတုဒိသာကျွေးမွေးခြင်းများဖြင့် စည်ကားလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ ကမ်းနားလမ်းရှိ ဆိပ်ကမ်းသာတံတားတွင် ကျင်းပသည့် ရှင်ဥပဂုတ္တမထေရ်မြတ် ပူဇော်ပွဲနှင့် ဆွမ်းအိုးမျှောပွဲသို့ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ တက်ရောက်ခဲ့သည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် နံနက်အရုဏ်တက်ချိန်တွင် ရှင်ဥပဂုတ္တမထေရ်မြတ် ရုပ်ပွားတော်ကို ဖူးမြော်ကြည်ညို၍ ပန်း၊ ဆီမီးနှင့် ရေချမ်း ကပ်လှူပူဇော်၍ ဆွမ်းအိုးများကို သံလွင်မြစ်ထဲသို့မျှော၍ ကုသိုလ်ယူခဲ့ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ချောင်းဆုံမြို့နယ် ကွမ်ရိုက်ကျေးရွာ ကျိုက်တမော့လဲ့ စေတီတော်မြတ်ကြီးအား ဖူးမျှော်ကြည်ညို၍ စေတီတော်ရင်ပြင်တော်ပေါ်၌ ကျင်းပပြုလုပ်သည့် (၂၃)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အလှူတော်မင်္ဂလာသို့ တက်ရောက်ခဲ့ရာ မော်လမြိုင်မြို့ မြစေတီစာသင်တိုက်ကြီး၏ ဦးစီးပဓာန နာယက ဆရာတော် (အဂ္ဂမဟာပဏ္ဍိတ)ဘဒ္ဒန္တဝိမလဗုဒ္ဓိ အရှင်သူမြတ်ထံမှ ကထိန်အနုမောဒနာ နာယူကြည်ညိုကြပြီး ဆရာတော် အရှင်သူမြတ်များထံ ကထိန်လျာမြတ်သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။

တန်ဆောင်မုန်းလပြည့်နေ့ အခါသမယတွင် မွန်ပြည်နယ်အတွင်း တန်ခိုးကြီးဘုရား၊ စေတီများဖြစ်ကြသည့် ကျိုက်ထီးရိုးဆံတော်ရှင်စေတီတော် မြတ်ကြီး၊ ကျိုက်သလ္လံ စေတီတော်မြတ်ကြီး၊ ကျိုက္ခမီ ရေလယ်ဆံတော်ရှင်မြတ် အစရှိသည့် ဘုရား၊ စေတီ၊ ပုထိုးများတွင် ရပ်နီးရပ်ဝေးမှ ရဟန်းရှင်လူပြည်သူများ စိတ်အေးချမ်းသာစွာဖြင့် ဆွမ်း၊ ပန်း၊ ရေချမ်း၊ ဆီမီးများ ကပ်လှူပူဇော်၍ ကုသိုလ်ဘာဝနာတရားပွားများ နာယူလျက်ရှိကြပြီး မြို့ရွာအလိုက် ပျော်ပွဲ၊ ရွှင်ပွဲများ ကျင်းပခြင်း၊ ရောင်စုံအလှမီးများ ထွန်းညှိပူဇော်ခြင်း၊ မီးရှူးမီးပန်းများ ဖောက်လွှတ်ခြင်းတို့ဖြင့် ပျော်ရွှင်စွာ ဆင်ယင်ကျင်းပလျက်ရှိကြောင်း သိရှိရသည်။

စည်သူ(ပြန်/ဆက်)