မင်္ဂလာဒုံ နိုဝင်ဘာ ၁၆
ရန်ကုန်မြို့အတွင်း ပြေးဆွဲနေသည့် ခရီးသည်တင်ယာဉ်လိုင်းတစ်လိုင်းဖြစ်သော YBS 18 ယာဉ်လိုင်းအား စီးတီးဘတ်စ်ယာဉ်ကြီးများကို အသုံးပြု၍ နိုဝင်ဘာ ၂၇ ရက်မှ စတင်ပြေးဆွဲပေးမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါယာဉ်လိုင်းသည် ယခင်က မီနီဘတ်စ်ယာဉ်များဖြင့် ပြေးဆွဲလျက်ရှိပြီး နောက်ပိုင်းတွင် ယာဉ်လိုင်းနံပါတ်သာရှိသော်လည်း ယာဉ်ပြေးဆွဲမှုမရှိသည့် လိုင်းအဖြစ်ရောက်ရှိလာခဲ့ကြောင်း၊ ၎င်းယာဉ်လိုင်းအသုံးပြုနေသော ခရီးသည်များ၏ အခက်အခဲအတွက် ယာဉ်လိုင်းကုမ္ပဏီများနှင့် YRTC မှ တာဝန်ရှိသူများက ညှိနှိုင်းကြပြီး ခေတ်သစ်ဘုရင့်နောင် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်မှ စီးတီးဘတ်စ်ယာဉ်များဖြင့် ပြေးဆွဲပေးမည်ဖြစ်ကြောင်း YRTC မှ တာဝန်ရှိသူတစ်ဦးက အတည်ပြုပြောကြားသည်။
စီးတီးဘတ်စ်ယာဉ်များဖြင့် ပြေးဆွဲပေးမည့် ခရီးစဉ်လမ်းကြောင်းမှာ မင်္ဂလာဒုံမြို့(ဂိတ်ရင်း)လှော်ကားလမ်းခွဲ - ထောက်ကြံ့လမ်းဆုံ - ဝါယာလက် - မင်္ဂလာဒုံစျေး- ခရေပင်လမ်းခွဲ- အမှတ်(၃)လမ်းဆုံ - အောင်မင်္ဂလာ(အဝေးပြေး)-(၆)ကွေ့ -သုဓမ္မာလမ်း - မြေက်ဥက္ကလာပအဝိုင်း-ဘေလီ - စံပြဈေး - တောင်မြောက်လမ်းဆုံ- ယဉ်ကျေးမှုတက္ကသိုလ်- (ဂိတ်ဖျား)တို့ဖြစ်ကြောင်း သိရသည်။
ယခု ခရီးစဉ်ကို အသုံးပြုခြင်းကြောင့် ခရီးသည်များ၏ ကားစောင့်ရသည့် အချိန်ကြန့်ကြာမှု၊ ရုံးဝန်ထမ်းများ၏ ရုံးတက်/ဆင်းနှောင့်နှေးမှုများစသော အခက်အခဲများကို ဖြေရှင်းပေးသွားနိုင်လိမ့်မည်ဖြစ်ကြောင်း ဒေသခံပြည်သူတစ်ဦးထံမှ ပြောကြားသည်။
မင်းသိန်းထွန်း