ရန်ကုန် နိုဝင်ဘာ ၁၆
ရန်ကုန်တိုင်းဒေသကြီး တန်ဆောင်တိုင်ဈေးရောင်းပွဲတော်နှင့် ဂီတပွဲတော်ကို နိုဝင်ဘာ ၁၄ ရက်မှ ၁၆ ရက်နေ့အထိ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ် ပြည်သူ့ရင်ပြင်၌ ကျင်းပရာ ရေထွက်ပစ္စည်းအရောင်းပြခန်းသို့ လာရောက်လေ့လာသူ များပြားကြောင်းနှင့် အပျော်ရွှင်ဖွယ်ဆင်စီသူများနှင့် ပွဲတော်ရက်အတွင်း အထူးစည်ကားလျက်ရှိကြောင်း သိရသည်။
ကျွန်မတို့ ရေထွက်ပစ္စည်းအရောင်းပြခန်းမှာဆိုရင် အများပြည်သူတွေ ကျောင်းသား၊ ကျောင်းသူလူငယ်တွေအတွက် ဗဟုသုတရစေမယ့်အပြင် ငါးမွေးမြူရေးအတွက် အထောက်အကူရစေမည့် အကြောင်းအရာတွေကို ပြသထားပါတယ်။ ပြသထားတဲ့နေရာမှာဆိုရင် စပါးခွံကနေ လျှပ်စစ်ထုတ်တာတွေ၊ ခေတ်မှီငါးမွေးမြူထုတ်လုပ်ရေးနှင့် လူမှုစီးပွားတိုးတက်ရေးပြခန်း၊ လယ်ယာထွက်ကုန်ဘေးထွက်ပစ္စည်းများဖြင့် ငါးမွေးမြူထုတ်လုပ်ခြင်း၊ ငါးအစာတောင့်ထုတ်လုပ်ခြင်း၊ ပဲဖက်၊ ဖွဲနု၊ ပီလောပီနံမှုန်၊ ပဲပုတ်၊နေ ကြာတို့မှ ဓါတုဗေဒကင်းစင်သည့် ငါးစားထုတ်လုပ်ပုံတွေကို ပြသထားတာဖြစ်ပါတယ်ဟု မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်၊ အကြီးတန်းဒုတိယဥက္ကဋ္ဌ ဒေါက်တာတိုးနန္ဒာတင်က ပြောသည်။
အဆိုပါ ဈေးရောင်းပွဲတော်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်များ၊ MSMEလုပ်ငန်းရှင်များ၊ အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန၊ သမဝါယမဦးစီးဌာန၊ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ထုတ်ကုန်ပစ္စည်းများ ရောင်းချသည့် ဆိုင်ခန်းများ၊ ကျောင်းသားလူငယ်များ စာဖတ်ရှိန်မြင့်မားစေရေးအတွက် စာအုပ်အရောင်းဆိုင်များနှင့် စားသောက်ဆိုင်ခန်းများအပါအဝင် ဆိုင်ခန်းပေါင်း (၄၈၉) ခန်း ပါဝင်ပြသရောင်းချလျက်ရှိကြောင်း သိရသည်။
ကျော်ဆန်းမြင့်