ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေး ဟိုပုံးမြို့နယ်၌ ဇမ္ဗူငြိမ်းချမ်းနဂါးရုံမြတ်စွာ ဘုရားတည်ထားကိုးကွယ်ခြင်း၊ ဗုဒ္ဓါဘိသေကအနေကဇာတင်လှူပူဇော်ခြင်းနှင့် ကထိန်အလှူတော်မင်္ဂလာအခမ်းအနားသို့တက်ရောက်

ဟိုပုံး နိုဝင်ဘာ ၁၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ဇမ္ဗူငြိမ်းချမ်း နဂါးရုံမြတ်စွာဘုရားတည်ထားကိုးကွယ်ခြင်း၊ ဗုဒ္ဓါဘိသေက အနေကဇာတင်လှူပူဇော်ခြင်းနှင့် ကထိန်အလှူတော် မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က နောင်တောင်း ပရဟိတတပ်ဦးဘုန်းတော်ကြီးသင်ပညာကျောင်းတွင် ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ အခမ်းအနားသို့တက်ရောက်လာသည့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် အဖွဲ့ဝင်များ၊ တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံကျောင်း ဒုတိယကျောင်းအုပ်ကြီးနှင့် အရာရှိကြီးများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ထွန်းနှင့် အဖွဲ့ဝင်များက ဇမ္ဗူငြိမ်းချမ်းနဂါးရုံမြတ်စွာဘုရားတွင် ဌာပနာသွတ်သွင်းမည့် ဌာပနာပစ္စည်းများအား ပင့်ဆောင်ခဲ့ပြီး လက်ယာရစ်လှည့်လည်ပူဇော်ကြသည်။ ထို့နောက် အလှူရှင်များ၊ ဘုရားဒါယကာများက ဌာပနာတော်ပစ္စည်းများအား ဆက်ကပ်ပြီး ဆရာတော်များက ဌာပနာတော်ပစ္စည်းများ သွတ်သွင်းခဲ့ကြသည်။

ဆက်လက်၍ ပင့်ဖိတ်ဆရာတော်၊ သံဃာတော်များက ဘုရားအနေဇာတင်ပူဇော်၍ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် အဖွဲ့ဝင်များ၊ ဟိုပုံး တပ်နယ်မှူး ဗိုလ်မှူးချုပ် သိန်းနိုင်နှင့် အရာရှိကြီးများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ထွန်းနှင့် အဖွဲ့ဝင်များ၊ ဒေသ/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများက ဆရာတော်၊ သံဃာတော်များ ထံမှ (၈)ပါးသီလနှင့် ပရိတ်တရားတော်များကို နာယူကြသည်။  ထို့နောက် အလှူရှင်များက ကထိန်သင်္ကန်းနှင့် နဝကမ္မအလှူတော်ငွေများ ဆက်ကပ်လှူဒါန်းကြကာ ဆရာတော်၊ သံဃာတော်များ ထံမှ အနုမောဒနာတရားတော်နာယူပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြကြောင်း သိရသည်။

ပအိုဝ်းဒေသ(ပြန်/ဆက်)