ပန်းဘဲတန်း နိုဝင်ဘာ ၂၅
ပန်းဘဲတန်းမြို့နယ် သိမ်ကြီးဈေး (က၊ ခ) ဈေးရုံကြီးနှစ်ရုံ ပြန်လည်ဖွင့်လှစ်ခွင့် ရရှိနိုင်ရေးအတွက် ဈေးသာယာရေး အဖွဲ့မှ မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံသို့ တင်ပြထားပြီး ပြန်လည် ဖွင့်လှစ်ရန် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးညွှန်ကြားချက်များနှင့်အညီ စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
ပန်းဘဲတန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု လျော့နည်းလာစေရန်အတွက် သိမ်ကြီးဈေး (က၊ ခ) ဈေးရုံကြီးနှစ်ရုံအား စက်တင်ဘာလ (၁၄)ရက်နေ့မှစတင်ပြီး ယာယီပိတ်ထားခဲ့ကြောင်း သိရှိရ သည်။ သိမ်ကြီးဈေး(က၊ခ) ဈေးရုံကြီးနှစ်ရုံမှ နေ့စားဝန်ထမ်းများ မိသားစုစားဝတ်နေရေးခက်ခဲမှုကြောင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့်အညီ ဈေးသူ၊ ဈေးသားများ လိုက်နာဆောင်ရွက်ရန် ဈေးတာဝန်ခံ၊ စည်ပင်သာယာဝန်ထမ်းများ၊ ဈေးသာယာရေး အဖွဲ့မှ ပူးပေါင်းပြီး နေ့စဉ်စစ်ဆေးဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရှိရသည်။
ပန်းဘဲတန်းမြို့နယ် သိမ်ကြီးဈေး(A, B) ရုံ ဈေးသာယာရေးအဖွဲ့မှ Mask, Face Sheild များ တပ်ဆင်ရန် နေ့စဉ်နှိုးဆော်ခြင်း၊ ဈေးဝင်ထွက်ပေါက်များတွင် လက်ဆေးဘေစင်များ ထားရှိခြင်း၊ နေ့စဉ်ဈေးရုံ အတွင်း အသံချဲ့စက် ဖြင့် နှိုးဆော်ပေးခြင်းနှင့် ကျန်းမာရေးဆိုင်ရာ အသိပညာပေးခြင်းများ ဆောင်ရွက် မည်ဖြစ်ကြောင်း သိရှိရသည်။
နေခြည် (ပြန်/ဆက်)