နေပြည်တော် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးတွင် (၁၆) ကြိမ်မြောက် တန်ဆောင်မုန်းလပြည့် (သာမညဖလအခါတော်နေ့) အခမ်းအနားကျင်းပ

နေပြည်တော် နိုဝင်ဘာ ၁၆

နေပြည်တော် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးတွင် (၁၆) ကြိမ်မြောက် တန်ဆောင်မုန်းလပြည့်(သာမညဖလအခါတော်နေ့) အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် စေတီတော်လိုဏ်အတွင်း၌ ကျင်းပပြုလုပ်သည်။

သာမညဖလသုတ်ရွတ်ဖတ်ပူဇော်ပွဲ

ရှေးဦးစွာ နံနက် ၈ နာရီအချိန်တွင် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး  ဂေါပကအဖွဲ့ရုံးရှိ ဂေါပကအဖွဲ့ဝင်များနှင့် အမျိုးသမီးဝန်ထမ်းများမှ သာမညဖလသုတ်တော်များကို ရွတ်ဆိုပူဇော်ခဲ့ကြသည်။

ရွှေကြာသင်္ကန်းတော်ကပ်လှူပွဲ

ထို့နောက် တန်ဆောင်တိုင်ရွှေကြာသင်္ကန်းကပ်လှူပူဇော်ပွဲကို ဆက်လက်ကျင်းပရာ အခမ်းအနားသို့ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စိုးမင်း၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ဒုတိယမြို့တော်ဝန်၊ ဖိတ်ကြားထားသည့် အကြီးအကဲများ၊ ဌာနဆိုင်ရာဧည့်သည်တော်များနှင့် စေတီတော်ဂေါပကအဖွဲ့ဝင်များ တက်ရောက်ကြည်ညိုကြသည်။

ရှေးဦးစွာ စေတီတော်လိုဏ်တော်အတွင်း၌ ကိန်းဝပ်စံပယ်တော်မူလျက်ရှိသည့် မဟာမဏိမယ ရတနာကျောက်စိမ်း ဗုဒ္ဓရုပ်ပွားဆင်းတုတော်မြတ်လေးဆူနှင့် စေတီတော်ရင်ပြင် အရှေ့မြောက်ထောင့် ဂန္ဓကုဋိတိုက်ကျောင်းဆောင်တော်၌ ကိန်းဝပ်စံပယ်တော်မူလျက်ရှိသည့် မဟာဆုတောင်းပြည့် (ပန်းပေါင်း)ဘုရားကြီးတို့အား ရွှေကြာသင်္ကန်းတော်၊ မြသပိတ်တော်ဖြင့် ဆွမ်းတော်၊ သစ်သီး၊ ပန်းမန်နှင့်ရေချမ်းတော်တို့ကို ဆက်ကပ်လှူဒါန်းဖူးမြော်ကြည်ညိုကြရာ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်စိုးမင်းနှင့် နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး ရဲမိုးတို့က အရှေ့ဘက် ကျောက်စိမ်းဗုဒ္ဓဆင်းတုတော်ကိုလည်းကောင်း၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များဖြစ်ကြသော ဦးဇေယျာလင်းနှင့် ဦးမြင့်စိုးက အနောက်ဘက် ကျောက်စိမ်းဗုဒ္ဓဆင်းတုတော်ကို လည်းကောင်း၊ နေပြည်တော်ကောင်စီဝင်များဖြစ်ကြသော ဦးဟန်သူနှင့် ဦးမင်းဦးက မြောက်ဘက်ကျောက်စိမ်းဗုဒ္ဓ ဆင်းတုတော်ကိုလည်းကောင်း၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန် ဦးမောင်မောင်နှင့် နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဦးခွန်နေထွန်းဦးက တောင်ဘက်ကျောက်စိမ်း ဗုဒ္ဓဆင်းတုတော်ကိုလည်းကောင်း၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်ကျော်စိုးဦး နှင့်ဂေါပကအဖွဲ့ဝင် ဦးကျော်လွင်က မဟာဆုတောင်းပြည့် (ပန်းပေါင်း)ဘုရားကြီးကို လည်းကောင်း အသီးသီး ကပ်လှူပူဇော်ကြသည်။

ကုသိုလ်တော်မင်္ဂလာဆည်းပူးခြင်း

ဆက်လက်၍ ကုသိုလ်တော်မင်္ဂလာဆည်းပူးခြင်း အခမ်းအနားကို ကျင်းပရာ စေတီတော် ဂေါပကအဖွဲ့၏ သြဝါဒါစရိယစရိယ၊ နေပြည်တော် လယ်ဝေးမြို့၊ အင်းသာအရှေ့ကျောင်းတိုက်၊ ပဓာနနာယက၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဆရာတော် ဘဒ္ဒန္တပဏ္ဍိတ အမှူးပြုတော်မူသော ဆရာတော် သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူကြပြီး ပရိသတ်များက နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်သည်။ ထို့နောက် စေတီတော်ဂေါပကအဖွဲ့၏ သြဝါဒါစရိယစရိယ၊ နေပြည်တော် လယ်ဝေးမြို့၊ အင်းသာအရှေ့ ကျောင်းတိုက်၊ ပဓာနနာယက၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ ဆရာတော်ဘဒ္ဒန္တပဏ္ဍိတ ထံမှပရိသတ်များက ကိုးပါးသီလ ခံယူဆောက်တည်ကြသည်။

ယင်းနောက် သံဃာတော်အရှင်သူမြတ်များ ရွတ်ပွားသရဇ္စျာယ်တော်မူသော ရတနသုတ်၊ မေတ္တသုတ်ပရိတ် တရားတော်များကိုနာယူကြပြီး အကြီးအကဲများနှင့် တက်ရောက်လာကြသူများက ဆရာတော် သံဃာတော် အရှင်သူမြတ်တို့အား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

ရေစက်သွန်းချအမျှဝေ

ထို့နောက် စေတီတော်ဂေါပကအဖွဲ့၏ သြဝါဒါစရိယစရိယ၊ နေပြည်တော် လယ်ဝေးမြို့၊ အင်းသာအရှေ့ကျောင်းတိုက်၊ ပဓာနနာယက၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ၊ ဆရာတော်ဘဒ္ဒန္တပဏ္ဍိတထံမှ အနုမောဒနာတရားနာယူကြပြီး လှူဒါန်းမှုအစုစုတို့ အတွက် ရေစက်သွန်းချအမျှပေးဝေကာ ဆရာတော်သံဃာတော်များနှင့် ဧည့်ပရိသတ်တို့က ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကိုရုပ်သိမ်းခဲ့ကြောင်းသိရသည်။

အောင်မျိုးဝင်း(ပြန်/ဆက်)