ကျောက်ပန်တောင်း နိုဝင်ဘာ ၁၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင်၊ နိုဝင်ဘာ(၁၅)ရက်နေ့ တန်ဆောင်မုန်းလပြည့်နေ့ ညနေပိုင်း၌ မြို့ပေါ်ရှိ ဘုရားပုထိုးစေတီများတွင် သာမညဖလသုတ်ဒေသနာတော် ဟောကြားတော်မူခဲ့သည့် ဘုရားရှင်အား ရည်မှန်း၍ ပန်း၊ ရေချမ်း၊ ဆီမီး ကပ်လှူပူဇော်ကြသည့် ဘုရားဖူးပြည်သူများ၊ စတုဒိသာကျွေးမွေးသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
ဗုဒ္ဓဘာသာ မြန်မာလူမျိူးတို့၏ နေ့ထူးနေ့မြတ်တစ်နေ့ဖြစ်သည့် တန်ဆောင်မုန်းလပြည့်နေ့တွင် မြန်မာ့ယဉ်ကျေးမှုဓလေ့ထုံးတန်းစဉ်လာအရ အမိအဖနှင့် သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့ခြင်းကို အစဉ်အလာမပျက် ပြုလုပ်လျက်ရှိကြရာ၊ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအသီးသီး၌ မိသားစုအလိုက်သော်လည်းကောင်း၊ လူငယ်များစုဖွဲ့၍သော်လည်းကောင်း လှည့်လည်ကန်တော့ကြခြင်းဖြင့် စည်ကားလျက်ရှိသကဲ့သို့ ညနေပိုင်းတွင် မြို့ပေါ်ရှိ မဟာစေတီကြီးဆုတောင်းပြည့်ဘုရား၊ ကုန်းတော်ကြီးမင်္ဂလာစေတီဘုရား၊ မြို့ဦးအောင်စေတီဘုရား၊ မြတ်ရွှေဂူဘုရားအစရှိသည့် ဘုရားပုထိုးစေတီများတွင် မြတ်စွာဘုရားရှင်အား ရည်မှန်း၍ အသင်းအဖွဲ့အလိုက် ဝတ်ရွတ်ပူဇော်ခြင်း၊ ပန်းရေချမ်း၊ ဆီမီးကပ်လှူပူဇော်ခြင်းများဖြင့် စည်ကားလျက်ရှိသည့်နည်းတူ၊ ဘုရားဖူးလာပြည်သူများအား ဘုရားအကျိုးတော်ဆောင် လူငယ်များစုဖွဲ့၍ မယ်ဇလီဖူးသုပ်များ၊ လဖက်၊ ဂျင်းသုပ်များ၊ ကြာဆံသုပ်များဖြင့် စတုဒိသာကျွေးမွေး ဧည့်ခံလျက်ရှိကြရာ အဆိုပါ ဘုရားစေတီများတွင် ဘုရားဖူးပြည်သူများ အလှူဒါနပြုသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)