မန္တလေး နိုဝင်ဘာ ၁၆
မန္တလေးတိုင်းဒေသကြီးဓာတ်သတ္တု (ရွှေ) ရောင်းဝယ်ခြင်းဝန်ဆောင်မှုလုပ်ငန်း ကနဦးစိစစ်ရေးအဖွဲ့မှ တိုင်းဒေသကြီးအတွင်းရှိ ရွှေလုပ်ငန်းရှင်များအား ဓာတ်သတ္တု(ရွှေ)ရောင်းဝယ်ခြင်းဝန်ဆောင်မှု လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့်ပတ်သက်၍ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအား ရှင်းလင်းသည့်အခမ်းအနားကို နိုဝင်ဘာလ ၁၃ ရက်နေ့ မွန်းလွဲတစ်နာရီက မန္တလေး၊ ချမ်းအေးသာစံမြို့နယ်ရှိ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်သည်။
အခမ်းအနားသို့ တိုင်းဒေသကြီးဓာတ်သတ္တု(ရွှေ) ရောင်းဝယ်ခြင်းဝန်ဆောင်မှုလုပ်ငန်း ကနဦးစိစစ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတရေးရာဝန်ကြီး ဦးရွှေဇင်၊ အတွင်းရေးမှူး တိုင်းဒေသကြီးသတ္ထုတွင်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမိုးဆွေ၊ တွဲဖက်အတွင်းရေးမှူး အမှတ် (၂) သတ္ထုတွင်းလုပ်ငန်း အထွေထွေမန်နေဂျာ ဦးအောင်မျိုးသက်နှင့် အဖွဲ့ဝင်များဖြစ်ကြသည့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မန္တလေးတိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်အသင်း၊ ရွှေလုပ်ငန်းရှင်များ၊ စုစုပေါင်း ၃၈၀ ဦးခန့် တက်ရောက်ကြသည်။
အဆိုပါအခမ်းအနားတွင် တိုင်းဒေသကြီးဓာတ်သတ္တု (ရွှေ) ရောင်းဝယ်ခြင်းဝန်ဆောင်မှုလုပ်ငန်း ကနဦးစိစစ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတရေးရာဝန်ကြီး၊ စိစစ်ရေးအဖွဲ့ အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူးတို့က လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တားမြစ်ချက်များအား အသေးစိတ် ရှင်းလင်းပြောကြားကြပြီး အဖွဲ့ဝင် ဌာနဆိုင်ရာများ၊ ခရိုင်နှင့်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက သက်ဆိုင်ရာဌာနအလိုက် အသီးသီးရှင်းလင်း ဆွေးနွေးကြသည်။
ထို့နောက် မန္တလေးတိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်အသင်းမှ တာဝန်ရှိသူများနှင့် တက်ရောက်လာကြသည့် ရွှေဆိုင်လုပ်ငန်းရှင်များမှ သိရှိလိုသည်များ မေးမြန်းဆွေးနွေးခဲ့ရာ တာဝန်ရှိသူများမှ ပြန်လည်ရှင်းလင်းဖြေကြားပးကြကာ သယံဇာတရေးရာဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားကြောင်း သတင်းရရှိသည်။
အောင်စံ(ပြန်/ဆက်)