တာမွေ နိုဝင်ဘာ ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်၊ ဗျိုင်းရေအိုးစင်(ရွာမ)ရပ်ကွက်လုံးဆိုင်ရာ “ဧ” ဓမ္မာရုံစောင့်ရှောက်ရေးနှင့် ရဟန်းခံရှင်ပြုအဖွဲ့မှ ကြီးမှူးကျင်းပသည့် (၃၄)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ပွဲတော်အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းအချိန်က အဆိုပါဓမ္မာရုံ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ကြွရောက်လာကြသည့် ဘုရားအမှူးပြုသော ပင့်သံဃာတော် အရှင်သူမြတ်များ၊ ဓမ္မာရုံမှတာဝန်ရှိသူများ၊ ရပ်ကွက်နေပြည်သူများနှင့် စေတနာရှင်/ အလှူရှင်များက နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ပေးခဲ့ပြီး တက်ရောက်လာကြသူများက တြိရတနပရိယတ္တိစာသင်တိုက် ဆရာတော်ဘုရားထံမှ ငါးပါးသီလ ခံယူစောင့်တည်ကာ ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များ ရွတ်ဖတ်ပူဇော်သည့် ပရိတ်တရားတော်ကို နာယူခဲ့ကြသည်။ ဆက်လက်၍ အလှူရှင်များ၏ကိုယ်စား “ဧ” ဓမ္မာရုံ ဥက္ကဋ္ဌနှင့်အမှုဆောင်များမှ ပင့်သံဃာတော် အရှင်သူမြတ်များအား ကထိန်လျာသင်္ကန်းများနှင့် ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး တြိရတန ပရိယတ္တိစာသင်တိုက် ဆရာတော်ဘုရားထံမှ ကထိန်အနုမောဒနာတရားနာယူ၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြသည်။ ထို့နောက် ကြွရောက်လာကြသည့် ဘုရားအမှူးပြုသော ပင့်သံဃာတော်အရှင်သူမြတ်များ၊ ဓမ္မာရုံမှ တာဝန်ရှိသူများ၊ ရပ်ကွက်နေပြည်သူများနှင့် စေတနာရှင်/ အလှူရှင်များက ဗုဒ္ဓ သာသနံ စိရံ တိဌတု သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ပြီး အလှူရှင်များ၏ကိုယ်စား “ ဧ ” ဓမ္မာရုံ ဥက္ကဋ္ဌနှင့် အမှုဆောင်များမှ ပင့်သံဃာတော် အရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြသည်။
အခမ်းအနားသို့ တာမွေမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ “ ဧ ” ဓမ္မာရုံ ဥက္ကဋ္ဌနှင့်အမှုဆောင်များ၊ ရပ်ကွက်နေပြည်သူများနှင့် စေတနာရှင်/ အလှူရှင်များ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
နိုင်လင်းအောင်(ပြန်/ဆက်)