စျေးချိုဝါးတန်းရပ်၊ မဟာကထိန်တော်အသင်းကြီး (၁၂၇)ကြိမ်မြောက် စုပေါင်းကထိန်တော် ခင်းကျင်းလှူဒါန်း

မန္တလေး   နိုဝင်ဘာ   ၁၆

မန္တလေးမြို့ စျေးချို ဝါးတန်းရပ်၊ မဟာကထိန်တော် အသင်းကြီး၏ (၁၂၇) ကြိမ်မြောက်၊ မဟာကထိန်တော်ရေစက်ချအခမ်းအနားကို တန်ဆောင်မုန်းလဆန်း ၁၄ ရက်နေ့နံနက် ကိုးနာရီက မဟာအောင်မြေမြို့နယ် ၈၉ လမ်း ၊ ၃၉ × ၄၀ လမ်းကြား ဝိဇ္ဇာလင်္ကာရကျောင်းတိုက်၊ ပန်းနဂါးဓမ္မဗိမာန်တော်တွင် ကျင်းပပြုလုပ်သည်။

ကထိန်တော်ရေစက်ချအခမ်းအနားသို့ တိုက်အုပ်ဆရာတော် အမှူးပြုသော သံဃာတော် အရှင်သူမြတ်များ ကြွရောက်တော်မူကြပြီး စျေးချိုဝါးတန်းရပ်၊ မဟာကထိန်တော်အသင်းကြီး၏ဥက္ကဋ္ဌ ဦးရဲမြင့်နှင့် အလုပ်အမှုဆောင်များ၊ ဈေးချို ဝါးတန်းရပ်မှ ရပ်ကွက်သူ၊ ရပ်ကွက်သားများ၊ ဈေးသူ၊ ဈေးသားများ တက်ရောက်ကြည်ညိုကြသည်။

ရှေးဦးစွာ ဆရာတော်ထံမှ ရှစ်ပါးသီလခံယူကြပြီး ပရိတ်တရားတော်များနာယူကြသည်။ ထို့နောက် ဝိဇ္ဇာလင်္ကာရကျောင်းတိုက်ရှိ ဝါဆိုသံဃာ(၄၆)ပါးတို့အား အမှူးထား၍ ပဓာနနာယက ဆရာတော် နိုင်ငံတာ်ဩဝါဒါစရိယ၊ ရွှေကျင်ဂိုဏ်းအကျိုးတော်ဆောင်ချုပ် ဘဒ္ဒန္တကောသလ္လထံသို့ အလှူရှင်များကိုယ်စား အတွင်းရေးမှူးဦးအောင်ကျော်မိုးက ကထိန်လျာဉတ်သင်္ကန်းကို ဆက်ကပ်လှူဒါန်းသည်။ ထို့နောက် လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေကြကာ သံဃာတာ်အရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။

အဆိုပါ စျေးချိုဝါးတန်းရပ်၊ မဟာကထိန်တော်အသင်းကြီးသည် နှစ်စဉ်မပြတ် ကထိန်ခင်းကျင်းခဲ့သည်မှာ (၁၂၇) ကြိမ်ရှိပြီး ယနေ့လှူဒါန်းမှုအစုစုတန်ဖိုးမှာ ကျပ်သိန်း (၁၂၀) ဖြစ်ကြောင်း သိရသည်။

အောင်စံ(ပြန်/ဆက်)