သင်္ဃန်းကျွန်း နိုဝင်ဘာ ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ သမိုင်းဝင်ကျိုက္ကဆံ ဆံတော်ရှင်စေတီတော်၌ နှစ်စဉ်ကျင်းပမြဲဖြစ်သော တန်ဆောင်တိုင်မီးထွန်းပွဲတော်နှင့် (၄၃) ကြိမ်မြောက် မသိုးရွှေကြာသင်္ကန်း ရက်ခတ်ယှဉ်ပြိုင်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကို အဆိုပါစေတီတော်ဂေါပကအဖွဲ့မှ ကြီးမှူး၍ ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၁၄ ရက် (တန်ဆောင်မုန်းလဆန်း ၁၄ ရက်) ညနေ ၅ နာရီအချိန်က အဆိုပါ စေတီတော်ရင်ပြင် စနေထောင့်၌ ကျင်းပခဲ့သည်။
အခမ်းအနားကို အပိုင်း နှစ်ပိုင်းခွဲ၍ ကျင်းပခဲ့ပြီး ပထမပိုင်းအနေဖြင့် နမောတဿ (၃) ကြိမ် ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ခြင်း၊ သက်ဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိ ပုဂ္ဂိုလ်များက ပြိုင်ပွဲအား မင်္ဂလာဖဲကြိုးဖြတ်၍ ဖွင့်လှစ်ခြင်း၊ ဒေဝါဝင်း၊ ရာဇာဝင်းတို့နှင့်အတူ ဧည့်ပရိသတ်အပေါင်းတို့မှ စေတီတော်ကြီးအား လက်ယာရစ် (၁) ကြိမ် လှည့်လည်ပူဇော်ခြင်း၊ ဆီမီးများထွန်းညှိ ပူဇော်ခြင်းတို့ဖြင့် ဖွင့်လှစ်ခဲ့သည်။
ဒုတိယပိုင်းအနေဖြင့် သင်္ဃန်းကျွန်းခရိုင် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးထူးလွင်က အဖွင့်အမှာစကားပြောကြားခြင်း၊ စေတီတော် ဂေါပကအဖွဲ့ သဘာပတိ ဦးတင်ကိုကိုက ဘာသာရေးဆိုင်ရာ များနှင့် မသိုးသင်္ကန်းရက်ခတ်ယှဉ်ပြိုင်ပွဲတော် ကျင်းပဆောင်ရွက်မှုများကို ရှင်းလင်းပြောကြားခြင်း၊ ပြိုင်ပွဲအကဲဖြတ်ကြီးကြပ်ပေးကြမည့် ဒိုင်လူကြီးများနှင့် ပါဝင်ယှဉ်ပြိုင်ကြမည့်ရက္ကန်းစင်များအား မိတ်ဆက်ခြင်း၊ ပြိုင်ပွဲစည်းကမ်းများအား ရှင်းလင်းခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။
ဆက်လက်၍ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ဒိုင်အဖွဲ့ဝင်များက စင်တော်များကို လှည့်လည်ကြည့်ရှုစစ်ဆေး၍ ချည်ဖြူတားပေးကာ မသိုးသင်္ကန်း ရက်ခတ်ယှဉ်ပြိုင်ပွဲကြီးအား အချက်ပေးခေါင်းလောင်း တီး၍ စတင်ယှဉ်ပြိုင်ပူဇော်စေခဲ့သည်။
အဆိုပါ မသိုးရွှေကြာသင်္ကန်းရက်ခတ်ယှဉ်ပြိုင်ပူဇော်ပွဲကို သဇင်စင်တော်၊ ခတ္တာစင်တော်၊ မဉ္ဇူစင်တော်၊ ဇလပ်စင်တော်၊ အင်ကြင်းစင်တော်တို့ဖြင့် အဖွဲ့ပေါင်း (၅) ဖွဲ့က ရက်ခတ်ယှဉ်ပြိုင် ခဲ့ကြပြီး ရက်လုပ်ပြီးသည့် ရွှေကြာသင်္ကန်းများကို တန်ဆောင်မုန်း လပြည့်နေ့ဖြစ်သည့် နိုဝင်ဘာလ ၁၅ ရက်တွင် ဗုဒ္ဓရုပ်ပွားဆင်းတုတော်မြတ်များထံ စေတီတော်ဩဝါဒါစရိယ ဆရာတော်ကြီးများက ဦးဆောင်၍ ဂေါပကအဖွဲ့၊ အလှူရှင်များနှင့် ပရိသတ်များက ဆက်ကပ်လှူဒါန်းပူဇော်ကြမည်ဖြစ်သည်။
အဆိုပါ မသိုးရွှေကြာသင်္ကန်း ရက်ခတ်ယှဉ်ပြိုင်ကြသည့် အဖွဲ့များအား စိစစ်ရွေးချယ်ရေးအဖွဲ့က စစ်ဆေးပြီး ပထမဆု ငွေကျပ် (၁၀) သိန်း၊ ဒုတိယဆု ငွေကျပ် (၉) သိန်း၊ တတိယဆု ငွေကျပ် (၈) သိန်း၊ စတုတ္ထဆု ငွေကျပ် (၇) သိန်း၊ ပဉ္စမဆု ငွေကျပ် (၆) သိန်းကို တန်ဆောင်မုန်းလပြည့်နေ့ ညနေပိုင်း၌ ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
သူရိန်(ပြန်/ဆက်)