မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စတုတ္ထအကြိမ် စုပေါင်းမိုးကျကထိန် အလှူတော်မင်္ဂလာ မဟာအတုလဝေယန်(အတုမရှိ)ကျောင်းတော်ကြီးတွင် ကျင်းပ

မန္တလေး  နိုဝင်ဘာ ၁၆

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စတုတ္ထအကြိမ် စုပေါင်းမိုးကျကထိန် အလှူတော်မင်္ဂလာအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက စအောင်မြေသာစံမြို့နယ်ရှိ မဟာအတုလဝေယန်(အတုမရှိ)ကျောင်းတော်ကြီး၌ ကျင်းပရာ မန္တလေးတိုင်းဒေသကြီး သံဃနာယကအဖွဲ့ဥက္ကဋ္ဌ(သုဓမ္မာ)၊ မဟာအောင်မြေမြို့နယ် မစိုးရိမ်တိုက်သစ်၊ ဓမ္မဂါရဝကျောင်းဆရာတော် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တတိက္ခိန္ဒြိယာဘိဝံသ ဆရာတော်ကြီးအမှူးပြုပြီး ပင့်သံဃာတော်များနှင့် ကထိန်ခံဆရာတော် သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူ၍ မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ခင်သင်းဝေ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေလင်းစိုးနှင့် အစိုးရအဖွဲ့ဝန်ကြီးများ၊ ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများ၊တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများနှင့် တာဝန်ရှိသူများ၊ ဧည့်ပရိသတ်များ တက်ရောက်ကြည်ညိုကြသည်။

ဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ပြီး တိုင်းဒေသကြီး သံဃနာယကအဖွဲ့ဥက္ကဋ္ဌ(သုဓမ္မာ) မစိုးရိမ်တိုက်သစ်၊ ဓမ္မဂါရဝကျောင်း ဆရာတော် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တတိက္ခိန္ဒြိယာဘိဝံသထံမှ ငါးပါးသီလ ခံယူဆောက်တည်၍ ပရိတ်တရားတော်များ နာယူကြည်ညိုကြသည်။

၎င်းနောက် တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ၎င်းတို့၏ဇနီးများက ကထိန်ခင်းကျင်းသည့် ကထိန်ခံကျောင်းများမှဆရာတော်ကြီးများအား ကထိန်လျာဉတ်သင်္ကန်း၊ ကထိန်သင်္ကန်းများနှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းပြီး ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများက ဆရာတော်သံဃာတော်များအား ကထိန်သင်္ကန်းများ ဆက်ကပ်လှူဒါန်းကြပြီးနောက် တိုင်းဒေသကြီး သံဃနာယကအဖွဲ့ဥက္ကဋ္ဌ(သုဓမ္မာ) မစိုးရိမ်တိုက်သစ်၊ ဓမ္မဂါရဝကျောင်းဆရာတော်ထံက ကထိန်အနုမောဒနာတရားနာကြားပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်ချအမျှပေးဝေကာ ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ ရုပ်သိမ်းခဲ့ကြသည်။

ယနေ့အခမ်းအနား၌ ဌာနဆိုင်ရာများနှင့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ မန္တလေးခရိုင်အတွင်းရှိ ကထိန်ခံ (၃၇) ကျောင်းအတွက် စုစုပေါင်း(၅၈,၂၇၁,၃၀၀) ကျပ် လှူဒါန်းခဲ့ကြောင်းသိရသည်။

အောင်စံ(ပြန်/ဆက်)