တောင်ကြီး နိုဝင်ဘာ ၁၆
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ တာဝန်ရှိသူများနှင့်အတူ နိုဝင်ဘာလ (၁၂) ရက် ညနေ (၅) နာရီက တောင်ကြီးမြို့၊ အဝေရာမီးပုံးပျံကွင်း၌ တောင်ကြီးတန်ဆောင်တိုင်မီးပုံးပျံပွဲတော်တွင် MSMEs ဒေသထွက်ကုန်ပြပွဲနှင့် စျေးရောင်းပွဲတော်ကို သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး ပွဲတော်လာပြည်သူများ၊ စျေးသည်များအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြောင်း သိရသည်။
ထို့နောက် တောင်ကြီးတန်ဆောင်တိုင်မီးပုံးပျံပွဲတော် ဒုတိယညတွင် တေးဂီတဖျော်ဖြေပွဲများ၊ အေးသာယာစက်မှုဇုန်ကိုယ်စားပြု လင်းယုန်မီးပုံးပျံ၊ ရှမ်းယူနိုက်တက်ဘောလုံးမီးပုံးပျံ၊ စတိုးဆိုင်၊ တည်းခိုခန်း၊ စားသောက်ဆိုင်၊ လုပ်ငန်းရှင်များ တိမ်ဖြူအုပ်စုစိန်နားပန်မီးပုံးပျံများ၊ သံယဇာတရေးရာဝန်ကြီးဌာနကိုယ်စားပြု ဆောင်းခမီးပုံးပျံ၊ မြို့ပေါ် (၂၂) ရပ်ကွက်ကိုယ်စားပြုမွေတော်မီးပုံးပျံ၊ ဟိုတယ်လုပ်ငန်းရှင်များအသင်းကိုယ်စားပြု ထစ်ချုန်းညမီးကြီးယမ်းမီးပုံးပျံများ စည်ကားသိုက်မြိုက်စွာ ယှဥ်ပြိုင်လွှတ်တင်နေမှုကို ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့က မီးပုံးပျံကွင်းအတွင်း သွားရောက်ကြည့်ရှုအားပေးကြပြီး မီးပုံးပျံအကဲဖြတ်အမှတ်ပေးဒိုင်အဖွဲ့များ၊ မီးပုံးပျံလာရောက်လွှတ်တင်ယှဥ်ပြိုင်ကြမည့်အဖွဲ့များ၊ ပွဲတော်လာရောက်ကြည့်ရှုသည့် ပြည်သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်၍ ရောင်စုံဓါတ်ပုံပြခန်းအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
အလားတူ နိုဝင်ဘာ (၁၃) ရက် နေ့မွန်းလွဲ (၁) နာရီက ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးများ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ တာဝန်ရှိသူများနှင့်အတူ အဝေရာမီးပုံးပျံကွင်း၌ တောင်ကြီးမြို့ပေါ်ရှိ လူကြီး၊ ကလေး၊ ဒေသခံပြည်သူများမှ နေ့လွှတ်အရုပ်မီးပုံးပျံ ချိုးအရုပ်၊ ကြက်တူရွေးအရုပ်၊ ကြက်အရုပ်၊ ခိုအရုပ်များ ပါဝင်ယှဥ်ပြိုင်လွှတ်တင်နေမှုကို သွားရောက်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
မောင်မောင်သန်း(တောင်ကြီး)