ပြင်ဦးလွင်မြို့တွင် (၂၄) ကြိမ်မြောက် မသိုးသင်္ကန်း ရက်ကန်းခတ်ပူဇော်ခြင်း အခမ်းအနားကျင်းပ

ပြင်ဦးလွင် နိုဝင်ဘာ ၁၆

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့တွင် တည်ထားကိုးကွယ်လျက်ရှိသော မဟာအံ့ထူးကံသာ ဆုတောင်းပြည့်ဘုရားကြီးတွင် မသိုးသင်္ကန်း ရက်ကန်းခတ်ပူဇော်ခြင်း အခမ်းအနားကို (၁၃၈၆  ခုနှစ်၊  တန်ဆောင်မုန်း လပြည့်နေ့၊  ယမန်နေ့ နံနက် (၅) နာရီက ဘုရားကြီးရင်ပြင်ပေါ် ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မဟာအံ့ထူးကံသာ ဆုတောင်းပြည့်ဘုရားကြီးအား ဗုဒ္ဓါဘိသေက အနေကဇာတင်ခြင်း၊ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍  ဖွင့်လှစ်ပြီး   မြို့လယ်ရွှေစည်းခုံ ကျောင်းတိုက်၊ ဩဝါဒါစရိယဆရာတော်ထံမှ  (၉) ပါးသီလ ခံယူဆောက်တည်ခြင်း၊ ဩဝါဒါစရိယ ဆရာတော်ကြီးများထံမှ မေတ္တာသုတ် အစရှိသော  ပရိတ်တရားတော်များအား နာယူကြည်ညိုကြပြီး တာဝန်ရှိသူများနှင့် အလှူရှင်များမှ လှူဖွယ်ဝတ္ထုပစ္စည်းများအား ဆရာတော်အရှင်သူမြတ်တို့ ထံသို့ အသီးသီးဆက်ကပ် လှူဒါန်းခဲ့ကြသည်။

ဆက်လက်ပြီး ရတနာမာန်အောင်ကျောင်းတိုက်၊ ဩဝါဒါစရိယဆရာတော်ထံမှ ရေစက်ချတရားတော်များ ချီးမြှင့်ခြင်း၊ ဆရာတော်အရှင်သူမြတ်တို့အား ဩကာသ ကန်တော့ချိုးဖြင့် ထပ်မံ၍ ကန်တော့ခြင်း၊ တာဝန်ရှိသူများမှ မသိုးသင်္ကန်း ရက်ကန်းခတ်အဖွဲ့အား ဆုဖလားနှင့် ဂုဏ်ပြုဆုငွေများ ချီးမြှင့်ခဲ့ပြီးနောက် အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဌတု (၃) ကြိမ်ရွတ်ဆို၍ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ခရိုင် ( ပြန်/ဆက် )