သပြေကုန်းကျေးရွာတွင် (တတိယ)ကြိမ်မြောက် မြစိမ်းရောင်ကျေးရွာစီမံကိန်းချေးငွေ(၃၉၂)သိန်းကျပ် ထုတ်ချေးပေး

​ကျောက်ဆည် နိုဝင်ဘာ ၁၆

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြစိမ်းရောင်ကျေးရွာ စီမံကိန်းဖော်ဆောင်ရန် အင်္ဂါရပ်များနှင့်ညီသော ကျေးရွာများအားရွေးချယ်ပြီး အရင်းမပျောက် မြစိမ်းရောင်ကျေးရွာစီမံကိန်း မတည်လည်ပတ်ရန်ပုံငွေ (၃၀၀)ကျပ်သိန်းအား ထုတ်ချေးပေးလျက်ကြောင်းသိရှိရပြီး ယမန်နေ့နံနက်ပိုင်းက သံရွာကျေးရွာအုပ်စု၊ သပြေကုန်းကျေးရွာတွင် (တတိယ)အကြိမ်မြောက် မြစိမ်းရောင်ကျေးရွာ စီမံကိန်းချေးငွေ(၃၉၂)သိန်းကျပ် ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

သပြေကုန်းကျေးရွာသည် စိုက်ပျိုးရေး/မွေးမြူရေးလုပ်ငန်းများကို အဓိထားလုပ်ကိုင်ကပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် ကျေးရွာပြည်သူများနှင့်ဖွဲ့စည်းထားသည့် မြစိမ်းရောင်ကျေးရွာစီမံကိန်းကော်မတီအားဖွဲ့စည်းပြီး စီမံကိန်းလုပ်ငန်းကို စတင်အကောင်အထည် ဖော် ဆောင်ရွက်ခဲ့ပြီး ယခုဘဏ္ဍာနှစ်တွင် (တတိယ)အကြိမ်မြောက် ပြန်လည်ထုတ်ချေးပေးခြင်းဖြစ်ကြောင်းနှင့် ချေးငွေများကို စိုက်ပျိုးရေးလုပ်ကိုင်သူ(၆၂)ဦးအား ငွေ(၂၅၈၅၀၀၀၀)ကျပ်၊ မွေးမြူရေးလုပ်ကိုင်သူ(၆၄)ဦးအား ငွေ(၁၃၃၅၀၀၀၀)ကျပ် စုစုပေါင်းစီမံကိန်းဝင်(၁၂၆)ဦးအား ငွေ(၃၉၂၀၀၀၀၀)ကျပ် ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

သပြေကုန်းကျေးရွာတွင် အိမ်ခြေ(၁၂၅)အိမ်၊ အိမ်ထောင်စု(၁၃၀)စု၊ လူဦးရေ(၅၄၅)ဦး နေထိုင်လျက်ရှိကြောင်းနှင့် စီမံကိန်းချေးငွေများထုတ်ချေးပေးခြင်းဖြင့် ကျေးရွာနေပြည်သူများ၏ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်အရောင်းအဝယ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ လူမှုစီးပွားဘဝများလည်း ပိုမိုဖွံ့ဖြိုးတိုးတက်လာကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးမှပြောပြ၍ သိရသည်။

 သက်မောင် (ကျောက်ဆည်)