သထုံရွှေစာရံစေတီတော်မြတ်ကြီး တန်ဆောင်တိုင်ဆွမ်းကြီးလောင်းပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပ

သထုံ နိုဝင်ဘာ ၁၆

မွန်ပြည်နယ်၊ သထုံမြို့၏ကျက်သရေဆောင် လေးဆူဓာတ်စံရွှေစာရံ စေတီတော်မြတ်ကြီး၏ ၁၃၈၆ ခုနှစ်၊ မြို့လုံးကျွတ် တန်ဆောင်တိုင် ဆွမ်းကြီးလောင်းပွဲတော်ကို ယမန်နေ့ (တန်ဆောင်မုန်းလပြည့်နေ့) နံနက်က စေတီတော်မြတ်ကြီးရင်ပြင်တော်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သည်။

နံနက် အရုဏ်တက်ချိန်တွင် သထုံမြို့နယ်အတွင်းရှိ ကျောင်းတိုက်အသီးသီးတို့မှ ကြွရောက်တော်မူလာကြသည့် သံဃာတော်နှင့် သီလရှင်များအား စေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့၏ စီမံမှုဖြင့် အလှူရှင်အဖွဲ့အသီးသီးတို့မှ ဆွမ်းဆက်ကပ်ကြသည်။

ဆွမ်းကြီးလောင်းပွဲတော်တွင် သထုံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးစိုးပိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦး‌ဇော်မိုးစိုးနှင့် တာဝန်ရှိသူတို့က ဗုဒ္ဓရုပ်ပွားတော်မြတ်များအား ပင့်ဆောင်ကြကာ စေတီတော်မြတ်၏ နာယကဆရာတော်ကြီး (၉) ပါးဦးဆောင်သည့် သထုံမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းပေါင်း (၃၅၀)‌ ကျောင်းနှင့် သီလရှင်ကျောင်း (၉၁) ကျောင်းတို့မှ သံဃာတော်နှင့်သီလရှင် စုစုပေါင်း (၁၀၇၈) ပါးတို့အား သထုံမြို့နယ်အတွင်းရှိ ပြည်သူအပေါင်းတို့က ဆွမ်းဆန်စိမ်းနှင့် အခြားလှူဖွယ်များကို စီတန်းလောင်းလှူခြင်း၊ စာရေးတံမဲများ ဆက်ကပ်လှူဒါန်းခြင်း တို့ကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြသည်။

အဆိုပါ စေတီတော်မြတ်ကြီး တန်ဆောင်တိုင်ဆွမ်းကြီးလောင်းပွဲတော်ကို တန်ဆောင်မုန်း လပြည့်နေ့၌ နှစ်စဉ်ကျင်းပပြုလုပ်မြဲဖြစ်ပြီး ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ပွဲတော်ကျင်းပမှုအား သုံးနှစ်ခန့်ရပ်နားထားခဲ့ရာ ယမန်နှစ်မှစတင်ကာ ပြန်လည်ကျင်းပနိုင်ခြင်းဖြစ်ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်