ကျိုက်မရောမြို့ အထ္တရံ မြစ်ကမ်းနား၌ အကြိမ်(၄၀)မြောက် မြို့လုံးကျွတ်ဆွမ်းအိုးမျှောပွဲစည်ကား သိုက်မြိုက်စွာကျင်းပ

ကျိုက်မရော နိုဝင်ဘာ ၁၆

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် အထ္တရံမြစ်ကမ်း၌ နှစ်စဉ်ကျင်းပမြဲဖြစ်သော ရှင်ဥပဂုတ္တမထေရ်မြတ်ကြီးအား ပူဇော်ပွဲနှင့် မြို့လုံးကျွတ်ဆွမ်းအိုးမျှောပွဲကို တန်ဆောင်မုန်းလပြည့်နေ့ နံနက် ၄ နာရီ၌ အထ္တရံမြစ်ကမ်းရှိ ရှင်ဥပဂုတ္တမထေရ်မြတ်ကြီး တည်ထားရာ ကျောင်းဆောင်သစ်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

အဆိုပါ မြို့လုံးကျွတ်ဆွမ်းအိုးမျှောပွဲကြီးကို နှစ်စဉ်နှစ်တိုင်း ရိုးရာမပြတ် ကျင်းပလာခဲ့သည်မှာ ယခုနှစ်တွင်အကြိမ် (၄၀)ပြည့်မြောက်ခဲ့ပြီး ဆွမ်းအိုးမျှောတော်ပြုလုပ်မည့် တန်ဆောင်မုန်းလပြည့်နေ့ အရုဏ်မတက်မီ နံနက် ၃ နာရီမှစတင်ကာ ဒေသခံပြည်သူများနှင့် အနယ်နယ်အရပ်ရပ်မှ ဧည့်သည်များပါ ဆွမ်းအိုးမျှောမည့် အထ္တရံမြစ်ကမ်းနားတစ်လျှောက်၌ နေရာယူထားကြပြီး အရုဏ်တင်ချိန်တွင် မိမိတို့ယုံကြည်ကိုးကွယ်ရာ ရှင်ဥပဂုတ္တမထေရ်မြတ်ကြီးအား ဆွမ်း၊ ရေချမ်း၊ ပန်း၊ သစ်သီမျိုးစုံ၊ ဖရောင်းတိုင် အမွှေးနံ့သာတိုင်များအား ဆွမ်းသပိတ်အိုးထဲထည့်၍ ပူဇော်ကန်တော့ကြပြီးနောက် ဆွမ်းအိုးများကို အတ္တရံမြစ်အတွင်း မြစ်ရေတက်ချိန်ကို စောင့်ဆိုင်းကာ ဆွမ်းအိုးများ မျှောကြပြီး မိမိတို့လိုရာဆုမွန်ကောင်းများကို ရှင်ဥပဂုတ္တရဟန္တာမထေရ်မြတ်ကြီးထံ ဆုတောင်းကြခြင်းဖြင့် စီးပွားဥစ္စာများ တိုးပွားလာကြသဖြင့် ယုံကြည်စွာ နှစ်စဉ်နှစ်တိုင်း အစဉ်အလာမပြတ် ကမ်းလုံးညွတ်မျှစည်ကားသိုက်မြိုက်စွာ ကျင်းပလာခဲ့သည်မှာ နှစ်ပေါင်း(၄၀)ကြာ ရှိခဲ့ပြီးဖြစ်ကြောင်းနှင့် ယခင်နှစ်ကထက် ရပ်ဝေးရပ်နီးမှ ဧည့်သည်များ ပိုမိုများပြားလာကြောင်း ဆွမ်းအိုးမျှောပွဲလာရောက်သူတစ်ဦးထံမှ သိရသည်။

မနက်အရုဏ်တက်ချိန် ဆွမ်းအိုးမျှောပွဲအပြီးတွင် ကျိုက်မရောမြို့ ကမ်းနားလမ်းရှိ စေတနာရှင် အလှူရှင်များ စုပေါင်း၍ ဆွမ်းအိုးမျှောပွဲလာ ဧည့်ပရိသတ်များအား နံနက်စာ မုန့်ဟင်းခါးများ၊ ရိုးရာမုန့်များဖြင့် ကျွေးမွေးလျက်ရှိရာ လာရောက်သုံးဆောင်သူများဖြင့် ကြိတ်ကြိတ်တိုး စည်ကားများပြားလျက်ရှိကြောင်း သိရသည်။

ချိုမြတ်မြတ်ထွေး (ပြန်/ဆက်)