မြစ်သား နိုဝင်ဘာ ၁၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့တွင် သမိုင်းဝင်ရွှေမုဋ္ဌောစေတီတော်မြတ်ကြီး၏ ၁၃၈၆ ခုနှစ် (၈၇)ကြိမ်မြောက် တန်ဆောင်တိုင်ပွဲတော်နှင့်စာရေးတံမဲ၊ မဟာဒုတ်မဲလှူဒါန်းခြင်းအခမ်းအနားကို နိုဝင်ဘာလ ၁၄ ရက်နေ့ နံနက်(၈)နာရီအချိန်က ရွှေမုဋ္ဌောဘုရားနန်းအိမ်သူဓမ္မဗိမ္မာန်အတွင်း၌ စည်ကားသိုက်မြိုက်စွာကျင်းပ ပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာပူဇော်ပွဲကျင်းပခြင်းကို နမောတဿ သုံးကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ပေးခဲ့ရာ မင်းကျောင်းပရိယတ္တိ စာသင်တိုက်မှ ဆရာတော်ဒေါက်တာဘဒ္ဒန္တဝေဠုရိယ ဟောကြားခဲ့သော အနုမောဒနာတရားတော်များနှင့် သရဏဂုံ(၈)ပါးသီလချီးမြှင့်တော်မူခဲ့ပြီး ကြွရောက်တော်မူသော သံဃာတော်များမှ မေတ္တာသုတ်ပရိတ်တော်များကို ရွတ်ဖတ်သရဇ္စျာယ်ကြ၍ မင်းကျောင်းဆရာတော်ကြီးမှ လှူဒါန်းမှုအစုစုတို့အတွက် အနုမောဒနာပြု၍ ရေစက်သွန်းချအမျှပေးဝေပြီး ဗုဒ္ဓသာသနံစိရံတိဋ္ဌတုရွတ်ဆိုဆုတောင်း၍ အခမ်းအနားကိုရုပ်သိမ်းလိုက်သည်။ ဆက်လက်၍ရွှေမုဋ္ဌောဘုရားဂေါပကနာယက ဦးခင်မောင်စိုးမှ မဟာဒုတ်စာရေးတံမဲဖွင့်လှစ်ခြင်းကိုရှင်းလင်းပြောကြားပြီး စာရေးတံမဲဖွင့်လှစ်ရာ၌ အလှူရှင်များနေရာယူပေးကာ စာရေးတံမဲဖွင့်လှစ်ကပ်လှူရန် ပင့်သံဃာတော်များအား ပဒေသာပင်(၆၂)ပင်အလှူရှင်များနှင့် မဲပေါက်သံဃာတော်များကို တွဲဖက်၍ကြေညာပေးခဲ့သည်။
အဆိုပါ စာရေးတံမဲမဟာဒုတ်မဲ လှူဒါန်းခြင်းအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မင်းနှင့်အဖွဲ့ဝင်များ ၊ ဌာနဆိုင်ရာအကြီးအကဲများ ၊ ရွှေမုဋ္ဌောဘုရားမှအကျိုးတော်ဆောင် ဂေါပကအဖွဲ့များ၊ ရပ်မိရပ်ဖများ၊ မြို့ပေါ်(၆)ရပ်ကွက်ရှိပြည်သူများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ မော်တော်ယာဥ်လိုင်းအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များ ၊ အရပ်ဘက်အဖွဲ့အစည်းများ ၊ ဒေသခံပြည်သူများက တက်ရောက်ပူဇော်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)