ရှေးဟောင်းသမိုင်းဝင်ဆံတော်ရှင် ဆူးလေစေတီတော်မြတ်ကြီး၌ တန်ဆောင်တိုင်ရွှေကြာသင်္ကန်းကပ်လှူပူဇော်ပွဲအခမ်းအနား ကျင်းပ

ကျောက်တံတား နိုဝင်ဘာ ၁၆

ရှေးဟောင်းသမိုင်းဝင် ဆံတော်ရှင်ဆူးလေစေတီတော်မြတ်ကြီး၌ တန်ဆောင်မုန်းလပြည့်(သာမညဖလအခါတော်နေ့) တန်ဆောင်တိုင်ရွှေကြာသင်္ကန်းကပ်လှူပူဇော်ပွဲအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားခရိုင်၊ ကျောက်တံတားမြို့နယ်ရှိ ယင်းစေတီတော်မြတ်ကြီး၏ မြောက်ဘက်မုခ်အာရုံခံတန်ဆောင်း၌ ယမန်နေ့နံနက် (၈)နာရီအချိန်က ကျင်းပပြုလုပ်ကြသည်။

အဆိုပါ ရွှေကြာသင်္ကန်းကပ်လှူပူဇော်ပွဲအခမ်းအနားကို နမောတဿ(၃)ကြိမ်ရွက်ဆိုပူဇော်ဖွင့်လှစ်၍ ငါးပါးသီလခံယူစောင့်ထိန်းကြပြီး “မယံဘန္တေ” ပါဠိတော်အနက်အဓိပ္ပါယ်မှအစပြု၍ “ဣဒံ မေပုညံ အာသဝက္ခယံ ဝဟံ ဟောတု” ဆုတောင်းပါဠိတော်နှင့် အနက်အဓိပ္ပါယ်တို့ကို သံပြိုင်ရွက်ဆိုပူဇော်ခဲ့ကြကြောင်း သိရသည်။

ထို့‌နောက် ဆံတော်ရှင်ဆူးလေစေတီတော်၏ အရှေ့ဘက်မုခ်၊ တောင်ဘက်မုခ်၊ အနောက်ဘက်မုခ်၊ မြောက်ဘက်မုခ်၊ အတုလမာရ်အောင် ဗုဒ္ဓရုပ်ပွားတော်နှင့် အရံရုပ်ပွားတော်များအားတက်ရောက်လာကြသူများမှ ရွှေကြာသင်္ကန်းကပ်လှူပူဇော်ခဲ့ကြကြောင်းသိရသည်။

ယင်းအခမ်းအနားကို ဘုရားဂေါပကအဖွဲ့ဝင်များမှ ကြီးမှူးကျင်းပကြပြီး ကျောက်တံတားခရိုင်၊ကျောက်တံတားမြို့နယ်မှ ဌာနဆိုင်ရာအကြီးအကဲများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် တရားနာပရိသတ်များ တက်ရောက်ခဲ့ကြကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)